ကချင်ပြည်နယ်တွင် မိုင် ၁၀၀ ကျော် ရထားလမ်းပိုင်းကို ပြုပြင်နေ

ကချင်ပြည်နယ်တွင် မိုင် ၁၀၀ ကျော် ရထားလမ်းပိုင်းကို ပြုပြင်နေ
Published 28 April 2026

ကချင်ပြည်နယ်တွင် မိုင်၁၀၀ ကျော် ရထားလမ်းပိုင်းကို ရက် ၁၀၀ စီမံချက်ဖြင့် ပြုပြင်နေကြောင်း သိရသည်။

ရထားလမ်းသည် မြစ်ကြီးနားမြို့မှ မိုးညှင်းမြို့အထိ ခရီးမိုင် ၁၁၀၊ သံလမ်းမိုင်အားဖြင့် ၁၆၃ မိုင်ကျော်၊ ဘူတာရုံပေါင်း  ၃၃ ဘူတာရှိသည့် ခရီစဉ်တစ်ခုဖြစ်သည်။

လက်ရှိတွင် မြစ်ကြီးနားဘက်မှ စတင်ပြင်ဆင်နေပြီး ၁၂ ဘူတာမြောက်ဖြစ်သည့် မင်းကုန်းဘူတာ အကျော်အထိ ရောက်ရှိနေကြောင်း သိရသည်။

ပြင်ဆင်ရေးလုပ်ငန်းတွင် ပါဝင်သူ တစ်ဦးက “သံလမ်းတွေက မူလီချောင်းနှင့် ဇလီဖားတုံးအချို့ ပျောက်ဆုံးတာ။ ပျက်စီးတာ ဖြစ်နေတာ။ မေလလယ်လောက်ရောက်မှ မိုးညှင်းဘက်ကူးနိုင်မှာ။ တံတားကမိုင်းခွဲထားတဲ့ နေရာတွေက ဇလီဖားတုံးငြမ်းတွေ ပြီးနေပြီ။ အမာခံလုပ်ဖို့တော့ ကြာမှာပေါ့။ သူတို့က လောလောဆယ်တော့ ဘယ်သူမှ နောက်ယှက်တာ မရှိပါဘူး။ ကြောက်တာတော့ ကြောက်တာပေါ့” ဟု ဆိုသည်။

မြစ်ကြီးနားမြို့မှ မန္တလေးသွားရာ လမ်းပိုင်းအများစုတွင် သံလမ်းဘောင်များကို ဆွဲကုပ်ထားသည့် ဇလီဖားတုံးပေါ်မှာ ကလစ်ကွင်းများမှာ ခိုးယူဖြုတ်ခံရခြင်းမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တဖြည်းဖြည်းချင်း ခိုးယူခံထားရကြောင်း ဟိုပင်မြို့ခံတစ်ဦးက ပြောကြားသည်။

ယင်းဟိုပင်မြို့ခံက “ဒီမှာက မြို့ထဲရယ်၊တပ်စခန်း၊ရဲစခန်းနဲ့နီးတဲ့နေရာလောက်ပဲ ကျန်တယ်။ မိုးညှင်းအထွက်ရော၊ နန်းခွင်ဘက်သွားတဲ့ လမ်းတစ်လျှောက်လုံး ကလစ်တစ်ချောင်းမှ မကျန်တော့ဘူး။ သံလမ်းကတော့ ခိုးလိုးမရဘူး။ကိုးချောင်းဆက်တွေ လုပ်ထားတော့ အရမ်းလေးတယ်။အတိုလေးတွေက ဖြုတ်ဖြုတ်ယူ သွားကြတာကြာပြီလေ” ဟု ဆိုသည်။

ယင်းရထားလမ်းပြီးဆုံးသွားပါက လူဦးရေ ငါးသိန်းကျော်နေထိုင်သည့် မြစ်ကြီးနားခရိုင်နှင့် လူဦးရေခြောက်သိန်းကျော်နေထိုင်သည့် မိုးညှင်းခရိုင်တို့အတွက် ကုန်စည်စီးဆင်းမှုများအတွက် များစွာ အကျိုးရှိမည်ဟု မိုးညှင်းမြို့ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသည့် ဦးစိုင်းလင်းက ဆိုသည်။

“အခု မြစ်ကြီးနား ကားခက တစ်သိန်းတဲ့။ မီးရထားဆိုရင် အရင်က ငွေတစ်သောင်းဆိုရင် အသွားအပြန်ပါရတယ်။ တနိုင်း၊ဖားကန့်၊အင်းတော်ကြီး ဒီကဘဲ စားသောက်ကုန် ပို့တာကို။ သံလမ်းပိုင်းကိုတော့ ဘယ်အဖွဲ့ကို မဆို မဖျက်ဆီးပါနဲ့လို့ ပြောချင်တာပဲ” ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မဲဇာ-သဲချောင်း ရထားသံလမ်း၊ မိုးညှင်း နန့်ရင်းချောင်း ကားလမ်းတံတား၊မော်လူး စီပိန်းကားလမ်းတံတား၊ကာဒူ-မော်ဟန်ဘူတာကြားရှိ အမှတ် ၅၅၅၊  ဟိုပင်မြို့မှ မြစ်ကြီးနားဘက်အထွက် သဝက်ချောင်း မီးရထားလမ်းနှင့် ကားလမ်းတံတား၊ ဟိုပင်မြို့အထွက် ဝက်ကုန်းတံံတားတို့ မိုင်းခွဲခံထားရသည်။

မှတ်တမ်းများအရ မီးရထားလမ်းများကို  စစ်ကိုင်းမှ ရွှေဘိုသို့ ၁၈၉၁ ခုနှစ်လည်ကောင်း၊ ဝန်းသိုသို့ ၁၈၉၃ ခုနှစ်တွင်လည်ကောင်း၊ ကသာသို့ ၁၈၉၅ ခုနှစ်တွင်လည်ကောင်း၊ မိုးကောင်းမြို့သို့ ၁၈၉၇ ခုနှစ်တွင်လည်းကောင်း၊ မြစ်ကြီးနားသို့ ၁၈၉၈ ခုနှစ်တွင်လည်ကောင်း မီးရထားလမ်းများ ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ဆောင်ခဲ့သည့် စစ်ကိုင်းတံတားမှာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သဖြင့် အထက်မြန်မာပြည်အတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးခဲ့သည်။

Most Read

Most Recent