တာချီလိတ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် တရုတ်နိုင်ငံသား ၁၂ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး

တာချီလိတ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် တရုတ်နိုင်ငံသား ၁၂ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး
Published 28 April 2026

တာချီလိတ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် တရုတ်နိုင်ငံသား ၁၂ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၂၇ ရက် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း) ရပ်၊ လိုမာဟိုတယ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် All In One Computer ၃ လုံး၊ Laptop ၁၃ လုံး၊ ဖုန်းမျိုးစုံ ၃၂၀ လုံး၊ Tablet မျိုးစုံ ၁၀၈ လုံး၊ Printer ၁ လုံး၊ Wifi စက် ၆ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ ရပ်ကွက်အတွင်း နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် All In One Computer ၂၃ လုံး၊ မော်နီတာ ၁ လုံး၊ SYSTEM ပုံး ၁ လုံး၊ ဖုန်းမျိုးစုံ ၅၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သောကြောင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုကျူးလွန်သူ စုစုပေါင်း ၅၂ ဦးနှင့် လုပ်ငန်းသုံးပစ္စည်းများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသော တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ  အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent