အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်သည် အီရန်ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြရန် ဧပြီ ၂၅ ရက်ကတိုက်တွန်းခဲ့ပြီး လက်ရှိတွင် လျှပ်စစ်မီး ပြတ်လပ်မှု မရှိသေးသော်လည်း အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ပြည်သူများကြား မကျေနပ်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်နေကြောင်း သတိပေးပြောကြားခဲ့သည်။
ယခုအချိန်တွင် အသင့်ရှိနေကြပြီး မြေပြင်တွင် ရှိနေကြသော မိမိတို့၏ ချစ်လှစွာသော ပြည်သူများကို ရိုးရှင်းသော တောင်းဆိုမှုတစ်ခု ပြုလုပ်လိုကြောင်း၊ ယင်းမှာ လျှပ်စစ်မီးနှင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးရန် ဖြစ်ကြောင်းဟု အီရန်သမ္မတက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
"လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ စွန့်လွှတ်အနစ်နာခံဖို့ မလိုအပ်သေးပေမယ့် သုံးစွဲမှုကို ထိန်းချုပ်ရန် လိုအပ်ပါတယ်။ အိမ်မှာ မီးလုံး ၁၀ လုံးဖွင့်မယ့်အစား နှစ်လုံးလောက်ပဲဖွင့်ရင်လည်း အဆင်ပြေမှာပါ" ဟု ပီဇက်ရှ်ကီယန်က ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများရှိနေသော်လည်း၊ မကြာသေးမီရက်များ အတွင်း တီဟီရန်မြို့တော်တွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိကြောင်း သတင်းမရရှိသေးပေ။
အီရန်၏ရန်သူများသည် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းနှင့် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် လက်ရှိရှိနေသည့် ကျေနပ်မှုကို မကျေနပ်မှုအဖြစ်သို့ ပြောင်းလဲစေရန် ကြိုးပမ်းနေသည်ဟု ပီဇက်ရှ်ကီယန်က စွပ်စွဲခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သော်လည်း ယခုအချိန်အထိ လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။
သို့သော် အမေရိကန်၊ အစ္စရေးတို့နှင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲမတိုင်မီကပင် အီရန်သည် ဆောင်းရာသီနှင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အမြင့်ဆုံးအချိန်များ၌ မီးပျက်တောက်မှုများကို မကြာခဏ ခံစားခဲ့ရသည်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အဆိုအရ အီရန်သည် ၎င်း၏ လျှပ်စစ်ဓာတ်အား ၅ ပုံ ၄ ပုံနီးပါးကို သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ပြီး၊ ကျယ်ပြောလှသော သဘာဝဓာတ်ငွေ့မြေများကြောင့် ၎င်းအရင်းအမြစ်အတွက် ဖူလုံနေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
အီရန်သည် လျှပ်စစ်ဓာတ်အားပေးစက်ရုံအဟောင်းများတွင် အသုံးပြုသည့် mazout ဟုခေါ်သော အရည်အသွေးနိမ့် လောင်စာဆီပြင်းများကို ဖြည့်စွက်အသုံးပြုသည်။
သို့သော် သက်တမ်းရင့် အခြေခံအဆောက်အအုံများ၊ ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းနှင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်တားဆီးထားသည့် ပြင်းထန်သော နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် အီရန်၏ လျှပ်စစ်ဓာတ်အားလိုင်းစနစ်သည် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပေ။
ပီဇက်ရှ်ကီယန်သည် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်အတွက် ပြည်သူများ သိရှိနားလည်စေရန် စည်းရုံးလှုံ့ဆော်မှုအစီအစဉ်များစွာကို ယခင်ကလည်း စတင်လုပ်ဆောင်ခဲ့ဖူးသည်။
Ref:AFP















