အိမ်ဖြူတော်သတင်းထောက်များအသင်း၏ ညစာစားပွဲတွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည် အီရန်နှင့် စစ်ပွဲဖြစ်ပွားနေသည့် မိမိအား တားဆီးနိုင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားခဲ့သည်။
Washington Hilton ဟိုတယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲကို ဧပြီ ၂၅ ရက်က ကျင်းပခဲ့ချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုညစာစားပွဲကို ထရန့်နှင့် သမ္မတကတော် မီလာနီယာထရန့်တို့ တက်ရောက်ခဲ့ချိန်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Secret Service အဖွဲ့က ၎င်းတို့နှစ်ဦးကို အလျင်အမြန်ကယ်ထုတ်သွားခဲ့သည်။
ထရန့်ကမူ ထိုပစ်ခတ်မှုသည် အီရန်စစ်ပွဲနှင့် ဆက်စပ်မှုမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
"ဒီဖြစ်ရပ်က ကျွန်တော့်ကို အီရန်စစ်ပွဲမှာ အနိုင်ရခြင်းကနေ တားဆီးနိုင်မှာမဟုတ်ပါဘူး။ ဒီကိစ္စက စစ်ပွဲနဲ့ ပတ်သက်မှုရှိ၊ မရှိ ကျွန်တော်မသိပေမဲ့ ကျွန်တော်တို့သိထားတဲ့ အချက်အလက်တွေအရတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်" ဟု ထရန့်ကအိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် သေနတ်သမား၏ ရည်ရွယ်ချက်ကို စုံစမ်းနေပြီး ဧပြီ ၂၇ ရက်တွင် ဝါရှင်တန်၌ ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း ဖက်ဒရယ်အစိုးရရှေ့နေက ပြောကြားခဲ့သည်။
Ref:AFP















