အီရန်စစ်ပွဲနှင့်ပတ်သက်၍ စပိန်နိုင်ငံ၏ရပ်တည်ချက်ကြောင့် ၎င်းအား နေတိုးအဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းရန် အမေရိကန်က ကြိုးပမ်းနိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။ နေတိုးဘက်ကလည်း အဖွဲ့ဝင်နိုင်ငံများကို ရပ်ဆိုင်းခြင်း ၊ ထုတ်ပယ်ခြင်းပြုလုပ်ရန် ပြဋ္ဌာန်းချက်မျိုးမရှိကြောင်း တုံ့ပြန်ထားသည်။
အီရန်စစ်ဆင်ရေးတွင် အမေရိကန်ဘက်မှကူညီရန် ပျက်ကွက်ခဲ့သည်ဟု ယူဆရသည့် နေတိုးမဟာမိတ်နိုင်ငံများကို အရေးယူနိုင်မည့် နည်းလမ်းများအား ပင်တဂွန်စစ်ဌာနချုပ်၏ အတွင်းရေးအီးမေးလ်တစ်စောင်တွင် အကြမ်းဖျင်းဖော်ပြထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း နေတိုးအရာရှိတစ်ဦးက အဖွဲ့၏မူလအခြေခံစာချုပ်တွင် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသည့် ပြဋ္ဌာန်းချက်မျိုး မပါရှိကြောင်း ဘီဘီစီသတင်းဌာနကို ပြောခဲ့သည်။ စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ၎င်းတို့အနေဖြင့် မဟာမိတ်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း နိုင်ငံတကာဥပဒေ ဘောင်အတွင်းကသာ ဖြစ်ရမည်ဟု သတင်းထောက်များကို ပြောသည်။
စပိန်သည် အီရန်စစ်ဆင်ရေးတွင်ပါမည့် အမေရိကန်စစ်လေယာဉ်များအား စပိန်မြေပေါ်ရှိ လေတပ်စခန်းများကို အသုံးပြုခွင့်မပေးခဲ့ပေ။ စပိန်တွင် အမေရိကန်စစ်အခြေစိုက်စခန်း နှစ်ခုရှိသည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ပြန်ကြားရေးတာဝန်ခံ ကင်းစလေ ဝီလ်ဆင်က ဘီဘီစီကို ပြောကြားရာတွင် အမေရိကန်သည် မဟာမိတ်များအတွက် အဘက်ဘက်က ကူညီခဲ့သော်လည်း အမေရိကန်လိုအပ်ချိန်တွင် ၎င်းတို့က လက်ရှောင်ခဲ့ကြောင်း ၊ မဟာမိတ်များကို လက်တွေ့တွင် အသုံးမဝင်သည့် စက္ကူကျားများဖြစ်မနေအောင် ၊ ၎င်းတို့တာဝန်များကို ၎င်းတို့ယူလာတတ်အောင် သမ္မတတွင် အခိုင်အမာရွေးချယ်စရာများ ရှိနေစေရန်အတွက် စစ်ဌာနချုပ်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်ပြောခဲ့သည်။
ဧပြီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သ် က ဥရောပအပေါ် မျှော်လင့်ချက်မထားတော့ဟု ပြောခဲ့ပြန်သည်။ "ဥရောပက ဟော်မုဇ်ရေ လက်ကြားကို အမေရိကန်ထက်တောင် ပိုလိုအပ်ပါသေးတယ်။ ဥရောပမှာ ဟန်ပြဆွေးနွေး ပွဲတွေ လုပ်နေမယ့်အစား သင်္ဘောတစ်စင်းလောက်လွှတ်ပြီး လက်တွေ့ပြဖို့ လိုပါလိမ့်မယ်။ ဒီတိုက်ပွဲက ဥရောပနဲ့ပိုဆိုင်တယ်။ ဥရောပနဲ့ အာရှနိုင်ငံတွေဟာ အမေရိကန်ရဲ့ အကာအကွယ်အောက်မှာ ဆယ်စုနှစ်များစွာ အကျိုးခံစားခဲ့ကြပြီးပြီ။ အခုအဲဒီခေတ် ကုန်သွားပြီ" ဟု ပြောခဲ့သည်။
Ref:BBC, Reuters Photo















