မြိတ်မြို့တွင် ကိုရင်လေးကို ပြင်းထန်စွာ ရိုက်နှက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ဖြင့် အရေးယူခံရသူကို ထောင်ဒဏ်နှစ် နှစ် ချမှတ်လိုက်ကြောင်း ယင်းအမှုနှင့် ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေသည့် ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။
“ဒီနေ့မနက်ပဲ အမိန့်ချလိုက်တာပါ။ ထောင်ဒဏ် နှစ်နှစ်ပေါ့။ မြိတ်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တာပါ” ဟု ဆရာတော်က မိန့်ကြားသည်။
ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သူမှာ မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇဆိုသူ ဘုန်းကြီးဖြစ်ကြောင်း သိရသည်။
ဘုန်းကြီးတစ်ပါးက ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ ရိုက်နှက်ထိုးကြိတ်နေသည့် ဗီဒီယိုဖိုင် ဧပြီ ၂၁ ရက် ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ ယင်းနောက် ဗီဒီယိုဖိုင်တွင် ရိုက်နှက်ကျူးလွန်နေသည့် ဘုန်းကြီးကို အရေးယူပေးရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဝေဖန်မှုများ မြင့်တက်လာပြီးနောက်ပိုင်း ဆရာတော်၊ သံဃာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် ညပိုင်းမှာပင် ကိုရင်ငယ်ကို ရိုက်နှက်ခဲ့သည့် ဘုန်းကြီးကို ဖမ်းဆီးရမိခဲ့ပြီး လူဝတ်လဲကာ အရေးယူခဲ့ကြောင်း၊ လူအမည်မှာ ဦးထွန်းလှိုင် (၄၁ နှစ်) ဖြစ်ကြောင်း၊ မြိတ်မြို့မရဲစခန်းတွင် အမှု ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
“ဦးဇင်းတို့လည်း ဒီလိုပြစ်ဒဏ်ချမှတ်တာကို ကျေနပ်ပါတယ်။ ဇာတ်လမ်းတွေလည်း ထပ်မရှည်ချင်တော့ဘူး။ သူလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရပြီလေ”ဟု ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။
အဆိုပါဘုန်းကြီးက ရိုက်နှက်ခဲ့သည့် ကိုရင်ငယ်မှာ လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။















