အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ယူပြီးနောက် ဧပြီ ၁၉ ရက်တွင် လက်ဘနွန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ တပ်ဖြန့်ထားမှု အခြေအနေပြမြေပုံကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သည်။
ထိုမြေပုံအရ လူသူမရှိတော့သည့် လက်ဘနွန်ကျေးရွာအများစုကို အစ္စရေးက ထိန်းချုပ်လိုက်ပြီဖြစ်သည်။
အမေရိကန် ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် လက်ဘနွန်တို့ ဧပြီ ၁၆ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ကြသည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၁၄ ရက်တွင် တိုက်ရိုက်ဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာသည့် အဆိုပါသဘောတူညီချက်သည် အမေရိကန်နှင့် အီရန်တို့ကြား ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးမှုများဖြစ်လာရန် ရည်ရွယ်သော်လည်း အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်တောင်ဘက်အတွင်းပိုင်းအထိ ဆက်လက်တပ်စွဲထားမည်ဖြစ်သည်။
မြေပုံအရ အစ္စရေး၏တပ်ဖြန့်မှုက နယ်စပ်မှ လက်ဘနွန်ပိုင်နက်အတွင်း ၅ ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ နက်ရှိုင်းပြီး ထိုဒေသကို ကြားခံနယ်မြေအဖြစ် ဖန်တီးရန် စီစဉ်နေခြင်းဖြစ်သည်။ အစ္စရေးမြောက်ပိုင်းရှိ မြို့ရွာများကို ဟစ်ဇ်ဘိုလာရန်မှ ကာကွယ်ရန်ဟုဆိုကာ အဆိုပါနယ်မြေအတွင်းရှိ လက်ဘနွန်ကျေးရွာများကို အစ္စရေးတပ်များက ဖျက်ဆီးခဲ့ကြသည်။
အစ္စရေးသည် ဆီးရီးယားနှင့် ဂါဇာကမ်းမြောင်တို့တွင်လည်း ကြားခံနယ်မြေများ ဖန်တီးထားပြီးဖြစ်သည်။
"လက်ဘနွန်တောင်ပိုင်းက ရှေ့တန်းခံစစ်မျဉ်းရဲ့ တောင်ဘက်ခြမ်းမှာ အစ္စရေးရေတပ်နဲ့အတူ တပ်မငါးခုကို တစ်ပြိုင်နက်တည်း ဖြန့်ကြက်ထားပါတယ်။ ဒါဟာ ဟစ်ဇ်ဘိုလာရဲ့ အခြေခံအဆောက်အအုံတွေကို ရှင်းလင်းဖို့နဲ့ အစ္စရေးမြောက်ပိုင်းက လူနေရပ်ကွက်တွေအပေါ် ကျရောက်နိုင်တဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုတွေကို တားဆီးဖို့အတွက်ပါ" ဟု အစ္စရေးစစ်တပ်က မြေပုံနှင့်အတူ ထုတ်ပြန်ခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ အသုံးချခဲ့သည့် နယ်စပ်ရှိနေအိမ်များကို ဖျက်ဆီးပစ်မည်ဟု ပြောကြားထားသည်။ "အစ္စရေးစစ်သားတွေကို အန္တရာယ်ပေးနိုင်တဲ့ အဆောက်အအုံမှန်သမျှ ၊ မိုင်းထောင်ထားတယ်လို့ သံသယရှိတဲ့ လမ်းမှန်သမျှ ချက်ချင်း ဖျက်ဆီးပစ်ရမယ်" ဟု ၎င်းကဆိုသည်။
မတ် ၂ ရက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့က အီရန်ဘက်မှ ထောက်ခံသည့်အနေဖြင့် အစ္စရေးကို စတင်ပစ်ခတ်ခဲ့ရာမှ အရှေ့အလယ်ပိုင်းစစ်မီးထဲသို့ လက်ဘနွန်လည်း ပါလာခဲ့သည်။
■ Ref:Reuters















