လီဗာပူးလ်အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးပြီး နှုတ်ဆက်လမ်းခွဲလိုတယ်လို့ ဆာလာ ပြောကြား

လီဗာပူးလ်အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးပြီး နှုတ်ဆက်လမ်းခွဲလိုတယ်လို့ ဆာလာ ပြောကြား
Photo: X
Photo: X
Published 20 April 2026

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာက အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ နှုတ်ဆက်လမ်းခွဲလိုကြောင်း ပြောကြားခဲ့ပါတယ်။

အီဂျစ်ကစားသမား ဆာလာဟာ လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ဆုံးရာသီမှာ အရင်ရာသီတွေလောက် ခြေစွမ်းမပြနိုင်တာကြောင့် အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဆာလာ(၃၃ နှစ်)ဟာ ၂၀၁၇ နွေရာသီမှာ ရိုးမားကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၉)ရာသီအတွင်း ပြိုင်ပွဲစုံ(၄၃၉)ပွဲကစားကာ (၂၅၇)ဂိုး သွင်းယူပေးထားပါတယ်။

ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပေမဲ့ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ(၁၂)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

ဒါကြောင့် အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဆာလာက အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးသွားလိုကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော့်ရဲ့ ဂိုးသွင်းမှုကို ဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ အသင်းကို အနည်းဆုံးချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးချင်ပါတယ်။ ဒီလိုမျိုး မှန်ကန်တဲ့နည်းလမ်းနဲ့ နှုတ်ဆက်လမ်းခွဲနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်'' လို့ ဆာလာက ပြောကြားခဲ့ပါတယ်။

ဆာလာက မာဆေးဆိုက်ဒါဘီမှာ သွင်းဂိုးအများဆုံးလီဗာပူးလ်ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျရတ်ရဲ့စံချိန်(၉ ဂိုး)ကိုလည်း အဲဗာတန်နဲ့ပွဲမှာ လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။

Most Read

Most Recent