လာမည့်ရက်ပိုင်းအတွင်း ပါကစ္စတန်တွင် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်ဖြစ်ပြီး အစ္စလာမ္မာဘက်မြို့တော်တွင် လုံခြုံရေးများကို တိုးမြှင့်ချထား

လာမည့်ရက်ပိုင်းအတွင်း ပါကစ္စတန်တွင် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်ဖြစ်ပြီး အစ္စလာမ္မာဘက်မြို့တော်တွင် လုံခြုံရေးများကို တိုးမြှင့်ချထား
Published 19 April 2026

လာမည့်ရက်ပိုင်းအတွင်း ပါကစ္စတန်နိုင်ငံတွင် အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်ဖြစ်သဖြင့် ဧပြီ ၁၉ ရက်တွင် ပါကစ္စတန်၏ မြို့တော် အစ္စလာမ္မာဘကတွင် လုံခြုံရေးကို သိသိသာသာတိုးမြှင့်ချထားခဲ့သည်။

ဧပြီ ၁၁ ရက်နေ့က အစ္စလာမ္မာဘက်တွင် ပြုလုပ်ခဲ့သော တိုက်ရိုက်ဆွေးနွေးပွဲများသည် သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပြီး သီတင်းတစ်ပတ်ကျော်အကြာတွင် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန်အတွက် အမေရိကန်ညှိနှိုင်းရေးမှူးများ ပါကစ္စတန်သို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

"ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘက်မြို့ကို သွားရောက်ကြမှာပါ။ သူတို့ဟာ မနက်ဖြန်ညနေပိုင်းမှာ ဆွေးနွေးပွဲတွေအတွက် အဲဒီကို ရောက်ရှိနေပါလိမ့်မယ်" ဟု ထရန့် ဧပြီ ၁၉ ရက်တွင် Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အာဏာပိုင်များက မြို့တော်တစ်ဝန်းနှင့် အနီးနားရှိ ရာဝေပင်ဒီမြို့တို့တွင် လမ်းပိတ်ဆို့မှုများနှင့် ယာဉ်သွားလာမှု ကန့်သတ်ချက်များကို ကြိုတင်ကြေညာထားခဲ့သည်။

အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့များ၏ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ ကျင်းပခဲ့သည့် မာရီယော့နှင့် ဆရီနာဟိုတယ်အပါအဝင် အစ္စလာမ္မာဘက်မြို့၏ အလုံခြုံဆုံး ဟိုတယ်များအနီးတွင် လက်နက်ကိုင် အစောင့်များနှင့် စစ်ဆေးရေးဂိတ်များ ချထားသည်ကို AFP သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။

ဧပြီ ၁၉ ရက်တွင် ဆရီနာဟိုတယ်သို့ ဦးတည်သော လမ်းအများစုကို ဆူးကြိုးများ၊ အတားအဆီးများ၊ လုံခြုံရေး တင်းကျပ်စွာ ချထားခြင်းနှင့် ယာဉ်လမ်းကြောင်းများ ပြောင်းလဲခြင်းတို့ဖြင့် ပိတ်ဆို့ထားခဲ့သည်။

"နိုင်ငံသားများအနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်" ဟု မြို့တော်အရာရှိတစ်ဦးက X လူမှုမီဒီယာ တွင် ရေးသားဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent