အီရန်ဘက်က ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်မလာခဲ့လျှင်လည်း မိမိအနေနှင့် ပြဿနာမရှိဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။ဖလော်ရီဒါပြည်နယ်မှ ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews လေတပ်စခန်းသို့ ပြန်လည်ရောက်ရှိလာချိန် ထရန့်က သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်တွင်ပြုလုပ်သည့် အမေရိကန်နှင့်အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထရန့်၏မှတ်ချက် ထွက်လာခြင်းဖြစ်သည်။" ညှိနှိုင်းဖို့ကို သူတို့ဘက်က ပြန်လာလာ ၊ မလာလာ ဂရုမစိုက်ပါဘူး။ သူတို့ ပြန်မလာဘူးဆိုရင်လည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်" ဟု သမ္မတထရန့်ကပြောသည်။သို့သော် အမေရိကန်နှင့်အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးက ကောင်းမွန်စွာ ဆက်ရှိနေသေးသည်ဟု ထရန့်ကဆိုသည်။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တွေ့ဆုံမှုအတွင်း အီရန်ဘက်က နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသည့်ဆန္ဒကို ထုတ်ဖော်ခဲ့သည်ဟု ထရန့်ကဆိုကာ " နျူကလီးယားလက်နက်ကို သူတို့လိုချင်နေတုန်းပဲ၊ အဲဒီညက တွေ့ဆုံမှုမှာလည်း သူတို့ရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါပေမဲ့ အီရန်မှာ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘူး" ဟု ထရန့်က အခိုင်အမာပြောသည်။
တိုက်ရိုက်ဆွေးနွေးမှု မအောင်မြင်ရခြင်းမှာ အီရန်အစိုးရက ၎င်းတို့၏ နျူကလီးယားရည်မှန်းချက်များကို စွန့်လွှတ်ချင်စိတ် ရှိမနေခြင်းကြောင့်ဟုလည်း ထရန့်ကပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီကမူ နှစ်ဖက်သဘောတူညီမှုရရန် လက်တစ်လုံးအလိုအထိ နီးစပ်ခဲ့ပြီးမှ အမေရိကန်ဘက်က အလွန်အကျွံတောင်းဆိုခြင်း ၊ ကတိစကားများကို ပြောင်းလဲပစ်ခြင်းနှင့် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ခြင်းဟု တုံ့ပြန်ခဲ့သည်။
Ref:BBC















