ပြည်သူ့အသံနားထောင်ပြီး ပြည်သူများမလိုလားသည့်အချက်များကို ပြုပြင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သစ်က ပြောကြားသည်။
တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား အတည်ပြုခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအပြီး Eleven Media ၏ မေးမြန်းချက်အား ဖြေကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“စည်းရုံးရေးကာလမှာလည်း ပြည်သူတွေဆီ ကွင်းဆင်းထားတာကြောင့် ကျွန်တော်တို့ မြေပြင်အခြေနေမှန်တွေကို သိထားပါတယ်။ ပြည်သူ့အသံကို နားစွန့်ပြီး ပြည်သူတွေ မလိုလားတဲ့အချက်များကို ပြုပြင်ပြီး တိုင်းဒေသကြီးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးအေးကျော်က ဖြေကြားသည်။
ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ “တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းကို ဦးစားပေးဆောင်ရွက်ပါမယ်။ နံပါတ် (၂) ကတော့ စီးပွားရေးပေါ့။ ကျွန်တော်တို့တိုင်းဒေသကြီးက လယ်ယာထွက်ကုန်စိုက်ပျိုးရေးကို အဓိကထားတဲ့တိုင်းဒေသကြီးဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ အောင်မြင်အောင် တောင်သူလယ်သမားတွေရဲ့ဘဝမြှင့်တင်ဖို့ ကြိုးစားပြီးတော့ ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ဘဝမြင့်မှ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးကိစ္စတွေ၊ မွေးမြူရေးကိစ္စတွေအားလုံးဟာအဆင်ပြေပြီးတော့ နိုင်ငံ့စီးပွားရေးအတွက် တစ်ထက်တစ်လမ်းက အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ တတိယဦးစားပေးအနေနဲ့ကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ တစ်နေရာနဲ့တစ်နေရာ ဒေသတစ်ခုနဲ့တစ်ခုကူးသန်းသွားတဲ့အချိန်မှာ ကုန်ထုတ်လမ်းတွေ၊ ကျေးရွာချင်းဆက်လမ်းတွေ အဆင်ပြေအောင် ဝန်ကြီးဌာနအသီးသီးနဲ့ ရတဲ့ဘတ်ဂျက်ပေါ်မူတည်ပြီး ကြိုးစားဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ဝန်ကြီးချုပ်ဦးအေးကျော်က ပြောကြားသည်။
ဝန်ထမ်းများ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါမှ အထက်မှပေးအပ်သည့်တာဝန်များကို တာဝန်ရှိသူများနှင့် လက်တွဲထမ်းဆောင်နိုင်ကြမည်ဖြစ်သဖြင့် ဝန်ထမ်းများကိုလည်း အလေးထားဂရုပြုပေးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။
“အဂတိနဲ့ပတ်သက်ပြီးတော့လည်း အတတ်နိုင်ဆုံးပေါ့ဗျာ၊ တိုင်းဒေသကြီးမှာ မလိုလားအပ်တဲ့ အလဟဿဆုံးရှုံးမှုတွေမဖြစ်အောင် ဌာနအလိုက် အပိုကုန်ကျတာတွေမလုပ်ဖို့၊ ခြိုးခြိုးခြံခြံလုပ်ပြီး နောက်တစ်ခုက အဂတိကင်းအောင်လည်း သက်ဆိုင်ရာဌာနအသီးသီးရော ဝန်ကြီးတွေရော အားလုံးကို သေချာမှာကြားပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကအစ ခရိုင်၊ မြို့နယ်ထွေအုပ်တွေကအစ ကြပ်ကြပ်မတ်မတ်ကြီးကြပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
မိမိအနေဖြင့် တိုင်းအုပ်ချုပ်ရေးမှူးတာဝန်မှ အနားယူပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ၊ စစ်မှုထမ်းဟောင်းများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၌ ရပ်တည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ခံရပြီး ဝန်ကြီးချုပ်တာဝန်ပေးအပ်ခံရချိန်၌ စစ်မှုထမ်းဟောင်းများ၊ ဝန်ထမ်းဟောင်းများမှ လှိုက်လှဲစွာကြိုဆိုကြသဖြင့် ဝမ်းသာပီတိဖြစ်ရကြောင်းနှင့် မိမိတာဝန်ယူမည့် (၅) နှစ်သက်တမ်း၌လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟု ကတိပြုပါကြောင်း ဝန်ကြီးချုပ်က ဆိုသည်။















