■ ဧပြီ ၁၀ ရက်မှစပြီး အမေရိကန်နှင့် ဆွေးနွေးပွဲများကို ပါကစ္စတန်တွင် ပြုလုပ်မည်ဟု အီရန် အတည်ပြု

■ ဧပြီ ၁၀ ရက်မှစပြီး အမေရိကန်နှင့် ဆွေးနွေးပွဲများကို ပါကစ္စတန်တွင် ပြုလုပ်မည်ဟု အီရန် အတည်ပြု
Published 8 April 2026

အီရန်၏ အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက အမေရိကန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံကြောင်းနှင့် ပါကစ္စတန်တွင် ဆွေးနွေးပွဲများပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဧပြီ ၁၀ ရက်မှစတင်ပြီး ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တော်တွင် အီရန်ဘက်မှ တင်သွင်းထားသည့် အချက် ၁၀ ချက်ပါ အဆိုပြုချက်နှင့်ပတ်သက်ပြီး အီရန်နှင့် အမေရိကန်ကြားဆွေးနွေးမှုများပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အချက် ၁၀ ချက်ပါ အဆိုပြုလွှာတွင် ဟော်မုဇ်ရေလက်ကြားအား အီရန်၏ လွှမ်းမိုးမှုနှင့် ကြီးကြပ်ကွပ်ကဲခွင့်တို့ကို ထည့်သွင်းတောင်းဆိုထားပြီး ယင်းအချက်က အီရန်ကို ထူးခြားသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အနေအထားတစ်ရပ် ပိုင်ဆိုင်စေမည်ဟု ဆိုထားသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းရှိ စစ်အခြေစိုက်စခန်းများမှ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့များအားလုံး ရုပ်သိမ်းပေးရန်၊ ဒေသတွင်းရှိ မဟာမိတ်လက်နက်ကိုင်အဖွဲ့များအပေါ် ပြုလုပ်နေသော စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန်၊ စစ်ပွဲကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် အပြည့်အဝ လျော်ကြေးပေးရန်နှင့် အမေရိကန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့က ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးရန် အစရှိသည့် အချက်များကိုလည်း အီရန်က တောင်းဆိုထားသည်။

အီရန်အနေဖြင့် အဆိုပါဆွေးနွေးပွဲများအတွက် သီတင်းနှစ်ပတ်တာအချိန် သတ်မှတ်ထားမည်ဖြစ်ပြီး၊ ထိုအချိန်ကာလကို နှစ်ဖက်သဘောတူညီချက်ဖြင့် ထပ်မံတိုးမြှင့်နိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရန်သူ့ဘက်မှ အသေးငယ်ဆုံးသော အမှားအယွင်းတစ်ခုပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အီရန်က အင်အားအပြည့်ဖြင့် တုံ့ပြန်ရန် အသင့်ရှိနေကြောင်းလည်း အဆိုပါကောင်စီက ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်အား တိုက်ခိုက်မှုများဆိုင်းငံ့ရန်အတွက် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်နှင့် ပါကစ္စတန်၏ ဩဇာကြီးမားသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင် မူနီယာတို့နှင့် ဆွေးနွေးမှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် တရုတ်နိုင်ငံက ကူညီပေးခဲ့သည်ဟု ယုံကြည်ကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

Ref: Al Jazeera

Most Read

Most Recent