ပြည်ပမှတင်သွင်းသည့် EV ယာဉ်များကို ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်အလိုက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များကို Pilot Project ကာလအတွင်း ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခများ ကောက်ခံခြင်းမပြုဘဲ
ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ Pilot Project ကာလမှာ မတ် ၃၁ ရက်တွင်ကုန်ဆုံးခဲ့ပြီဟု ဦးစီးဌာနက ထုတ်ပြန်သည်။
ယင်းကြောင့် ဧပြီ ၁ ရက်မှစတင်ကာ သွင်းကုန်ကြေညာလွှာဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် EV ယာဉ်များကို မော်တော်ယာဉ်အမျိုးအစားနှင့်
ဘက်ထရီစွမ်းဆောင်ရည်အလိုက် မူလတန်ဖိုး FOB ဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ Pick up(Single cab၊ Extended Cab၊ Open Cab)၊ Light Truck၊ Truck၊ Dumper၊ Tanker၊ Box Truck အစရှိသည့်ယာဉ်များနှင့်
ယာဉ်မောင်းအပါ ၁၅ ဦးအထက်ပါသည့် ခရီးသည်တင်ယာဉ်၊ လူစီးယာဉ်များ အစရှိသည်တို့မှာ သုံးရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ဘက်ထရီစွမ်းဆောင်ရည် 30 Kwh နှင့်အောက်ဖြစ်ပါက ၁၀ ရာခိုင်နှုန်း၊ 31 Kwh နှင့် 60 Kwh အထိ ရာခိုင်နှုန်း ၂၀၊ 61 Kwh နှင့် 90 Kwh အထိ ရာခိုင်နှုန်း ၃၀၊ 91 Kwh နှင့်အထက်ဖြစ်ပါက
ရာခိုင်နှုန်း ၄၀ ဖြစ်ကြောင်း၊ လူနှင့် ကုန် နှစ်မျိုးသုံးယာဉ်များမှာ ရာခိုင်နှုန်း ၃၀ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။















