အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်စစ်ဆင်ရေး နောက်နှစ်ပတ်မှ သုံးပတ်အတွင်း ပြီးဆုံးနိုင်သည်ဟု အိမ်ဖြူတော်ရုံးခန်းတွင် မတ် ၃၁ ရက်ညက ပြောဆိုလိုက်သည်။
အီရန်အစိုးရက နျူကလီးယားလက်နက်ကို နောင်နှစ်ပေါင်းများစွာအထိ မထုတ်လုပ်နိုင်တော့ပြီဟု သေချာသွားသည်နှင့် သဘောတူညီချက် ရရ ၊မရရ အမေရိကန်တပ်များကို ရုပ်သိမ်းမည်ဟု ထရန့်ကပြောသည်။
အီရန်သမ္မတ မာဆွတ် ပဇက်ရှ်ကီယန်ကလည်း စစ်ပွဲအဆုံးသတ်ရန် ၎င်းတို့တွင် ခိုင်မာသည့်ဆန္ဒရှိကြောင်း ၊ သို့သော် ရန်သူဘက်က ထိုစစ်ပွဲမျိုး နောက်တစ်ကြိမ် ပြန်မဖြစ်လာအောင် အာမခံချက်ပေးရမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ပွဲရပ်တန့်ရေး တရုတ်နှင့်ပါကစ္စတန် ပူးပေါင်းပြီး အချက်ငါးချက်ပါသည့် အစီအမံတစ်ရပ်ကို ရေးဆွဲပေးထားကာ ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်အချက်တို့ ပါဝင်သည်။
အစ္စရေးနှင့် အီရန်ကြားတွင်မူ တိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်ကာ အီရန်က အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက်နေဆဲဖြစ်သည်။ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီးလောင်ခဲ့ပြီး ကာတာကမ်းလွန်ပင်လယ်ပြင်တွင် ဆီတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရသည်။ ဆော်ဒီအာရေးဗျနှင့် ဘာရိန်းတို့တွင်လည်း တိုက်ခိုက်ခံရမှုသတင်းများ ထွက်လာသည်။
စစ်ပွဲပြီးတော့မည်ဆိုသည့် ထရန့်၏စကားကြောင့် ဧပြီ ၁ ရက်တွင် ကမ္ဘာ့ရေနံစျေးနှုန်း သုံးရာခိုင်နှုန်းကျော် ပြန်ကျလာပြီး ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ ဖြစ်လာသည်။ သို့သော် စစ်ပွဲစခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နှင့်ယှဉ်လျှင် Brent ရေနံစိမ်းစျေးနှုန်းက ၃၉ ရာခိုင်နှုန်း မြင့်တက်နေဆဲ ဖြစ်သည်။
Ref:BBC














