တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှှူးကြီး ရဲဝင်းဦးဖြစ်လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှှူးကြီး ရဲဝင်းဦးဖြစ်လာ
Published 30 March 2026

ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့အား တာဝန်လွှဲအပ်

တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်ကို မကြာသေးမီက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောင်းလဲလွှဲအပ်တာဝန်ပေးခံရကြောင်း သိရသည်။

ယင်းကြောင့် တပ်မတော်တွင် ၁၅ နှစ်ကြာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေရာတွင် ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးဖြစ်လာခဲ့သည်။

ထို့ပြင် ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်လိုက်ကြောင်းလည်း သိရသည်။

တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်နေရာတစ်ခုဖြစ်သည့် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့(မတ် ၃၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ရဲဝင်းဦး တို့သည် ရှေ့ဆောင်အရာရှိနှစ်ဦး ဦးဆောင်၍ အခမ်းအနားကျင်းပ မည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦး တို့သည် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြု တပ်ခွဲ၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက် တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးပြိး ဂုဏ်ပြုမိန့်ခွန်း ပြောကြားသည်။

ယင်းနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်း က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး အား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအား ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက် ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး က တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓါးကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန် များအား လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးက မိန့်ခွန်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန် လက်ခံထမ်းဆောင်သူဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး တို့သည် ဂုဏ်ပြု တပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြုချီတက်အလေးပြု၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန် များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် စည်သူ ရဲဝင်းဦး နှင့်ဇနီး ဒေါ်နီလာ တို့သည် အခမ်းအနား တက်ရောက် လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန် များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရုံးဌာန အသီးသီးမှဂါရဝပြု ပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန် များအား လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုနှင့်အတူ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှ လိုက်ပါချီတက်၍ စစ်ရေးပြ အခမ်းအနားဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာ့ တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦးသည် OTS အမှတ်စဉ် (၇၇) ဆင်းဖြစ်ပြီး တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၏ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ OTS ဆင်းနှင့်် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၏ အရာရှိချုပ်အဖြစ်မှ တပ်မတော်သမိုင်းတွင် ပထမဆုံးအဖြစ် တပ်မတော်၏ အမြင့်ဆုံး ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ပေးအပ်ခံရခြင်းလည်းဖြစ်သည်။

ဒုတပ်ချုပ်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် (၃၅) ဆင်းဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်ခဲ့ကာ ယင်းမတိုင်မီက စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီး ကိုကိုဦးသည်လည်း စစ်တက္ကသိုလ် အမှတ်စဉ် (၃၈) ဆင်းဖြစ်ပြီး အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent