(၇)ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် စပါးအသင်းနဲ့ နည်းပြ တူဒေါ လမ်းခွဲ

(၇)ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် စပါးအသင်းနဲ့ နည်းပြ တူဒေါ လမ်းခွဲ
Photo: X
Photo: X
Published 30 March 2026

စပါးအသင်းရဲ့ ခရိုအေးရှားနည်းပြ တူဒေါဟာ (၇)ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲခဲ့ကြောင်း သိရပါတယ်။

စပါးအသင်းဟာ တူဒေါကို ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်တာကြောင့် တူဒေါအနေနဲ့ (၄၄)ရက်အကြာမှာပဲ လမ်းခွဲခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

စပါးအသင်းက ဒိန်းမတ်နည်းပြ သောမတ်စ်ဖရန့်ခ်လက်ထက်မှာ ရလဒ်တွေဆိုးရွားပြီး တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်လာရတာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပေမဲ့ တူဒေါလက်ထက်မှာ နိုင်ပွဲ(၁)ပွဲသာရရှိပြီး (၁)ပွဲသရေ၊ (၅)ပွဲရှုံးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အဆင့်(၁၇)နေရာအထိ ထပ်ကျသွားခဲ့သလို၊ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာလည်း အက်သလက်တီကိုကို နှစ်ကျော့ပေါင်း(၅-၇)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဒါကြောင့် စပါးအသင်းတာဝန်ရှိသူက မနေ့က တူဒေါနဲ့ လမ်းခွဲကြောင်း ကြေညာခဲ့တာဖြစ်ပြီး နည်းပြသစ် အမြန်ဆုံးခန့်အပ်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

စပါးအသင်းအနေနဲ့ ရာသီကုန်အထိ ယာယီနည်းပြသာ ခန့်အပ်ဖွယ်ရှိပြီး နွေရာသီမှာ အပြီးသတ်နည်းပြ ခန့်အပ်ဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။

စပါးအသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ မာဆေးလ်နည်းပြဟောင်း ဒီဇာဘီနဲ့ စပါးနည်းပြဟောင်းဖြစ်ပြီး လက်ရှိ အမေရိကန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ပိုချက်တီနိုတို့ ရေပန်းစားနေကြောင်း သိရပါတယ်။

Most Read

Most Recent