ပခုဣူမြို့တွင် ယခုမတ်လကုန်ပိုင်း၌ ပြင်ပပေါက်ဈေး ဓာတ်ဆီတစ်လီတာ ၁ သောင်းကျပ် နှင့် အထက် ရောက်ရှိလာပြီး ဆီဆိုင်များတွင် ဆီတန်းစီသူ ပိုမိုများပြားလာကြောင်း သိရသည်။
စက်သုံးဆီအရောင်းများတွင် ဆီတန်းစီသူများပြားခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး အချိန်ကြာမြင့်စွာ စီတန်းစောင့်ဆိုင်းရကြောင်း သိရသည်။
" ဒီနေ့ နယူဒေးဆီဆိုင်က ပေးလို့ လာစီတာ ။ မနက် ၄ နာရီကတည်းက လာစီတာကို ကိုယ့်ရှေ့မှာ အစီးရေ ရာဂဏန်းနီးပါး ရောက်နေပြီ။ ဆီဆိုင်မှာ 92 က တစ်လီတာ ၄ ထောင်ကျော်ပဲ ရှိတာ။ အိုးဝေတစ်စီး ၂ သောင်းဖိုး ရတယ်။ ၄ ဘူးကျော်လောက်ရတယ်။ အပြင်ဝယ်ရမယ်ဆို တစ်ဗူး အနည်းဆုံး ၁ သောင်းပဲ။ ဆီရောတာနဲ့တွေ့ရင် အိုးဝေက နှိုးမရဘူး။ ဆီပေးတဲ့ဆိုင် မေးပြီး သွားတန်းစီရတယ် ' လို့ အိုးဝေယာဉ်မောင်းတစ်ဦး ကပြောသည်။
ပခုဣူမြို့ခံများအနေဖြင့် စက်သုံးဆီအား Newday ၊ PT ၊ TTS ၊ ယောင်းမစွန် ၊ သီဟ အစရှိသည့် စက်သုံးဆီအရောင်းဆိုင်များမှ အဓိကဝယ်ယူကြပြီး အချို့ရက်များတွင် ဆီပြတ်လပ်မှုကြောင့် ရောင်းချနိုင်ခြင်းသည့် ရက်များလည်း ရှိကြောင်း သိရသည်။
" ဘယ်ဆိုင်ဆီရလည်း တစ်ယောက်နဲ့ တစ်ယောက်မေးပြီး သွားရတယ်။ ဆီဈေးမတက်ခင်က ဆိုင်ကယ်တစ်စီး အများဆုံး ၆ ထောင်ဖိုးပဲ ရတယ်။ တစ်ချို့က ၂ ထောင်ဖိုး ၃ ထောင်ဖိုး ကန့်သတ်ရောင်းတယ်။ ဆီဆိုင်အရေအတွက်နဲ့ မြို့သုံးအား မမျှဘူး ။ နယ်က ဆိုင်ကယ်အားပြုသွားရတာ ။ အပြင်ဆီဝယ်ထည့်တာ နောက်နေ့ စက်နှိုးမရဘူး။ ဆီမသန့် ပန့်ကြောင်တော့ ပြင်ဆိုင်မှာ ပြင်ရတော့ ပိုက်ဆံထပ်ကုန်တယ်။ စက်ဆီက ကြာချင်လည်းကြာ ဆိုင်ကြီးတွေမှာပဲ တန်းစီထည့်တော့တယ် ' ဟု ပခုဣူမြို့ခံတစ်ဦး ကပြောသည်။
အချို့ ပခုဣူမြို့ခံများမှာ ပခုဣူမြို့တွင် ဆီတန်းစီချိန်ကြာမြင့်သည့်အတွက် ညောင်ဦးမြို့နယ်ဖက်ခြမ်းရှိ စက်သုံးဆီအရောင်းဆိုင်များထိ ဆီသွားရောက်ဝယ်ယူကြကြောင်း သိရသည်။
ပုံစာ- မတ်လ ၂၈ ရက်နေ့မနက်ပိုင်းက ဆီဖြည့်ရန် စီတန်းစောင့်ဆိုင်းနေသူများအား မြင်တွေ့ရစဉ်။















