အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာ ငွေစက္ကူများပေါ်တွင် ၎င်း၏ လက်မှတ်ကို ရိုက်နှိပ်ဖော်ပြခြင်းခံရသည့် ပထမဦးဆုံး လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဖြစ်လာတော့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ထရန့်၏ လက်မှတ်သည် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်၏ လက်မှတ်နှင့်အတူ ငွေစက္ကူများပေါ်တွင် ပူးတွဲပါရှိမည်ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသည့် ထူးခြားသော ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။
အစဉ်အလာအရ အမေရိကန်ငွေစက္ကူများတွင် ဘဏ္ဍာရေးဆိုင်ရာ အရာရှိကြီးများ၏ လက်မှတ်များကိုသာ ရိုက်နှိပ်လေ့ရှိခြင်းဖြစ်သည်။
ယခုလုပ်ရပ်သည် ထရန့်အစိုးရအနေဖြင့် ၎င်း၏အမည်ကို အစိုးရစီမံကိန်းများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် ပူးတွဲဖော်ပြရန် ကြိုးပမ်းသည့် နောက်ဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
သမ္မတထရန့်နှင့် ဘဏ္ဍာရေးဝန်ကြီး ဘတ်ဆင့်တို့၏ လက်မှတ်များပါဝင်သော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်များကို လာမည့် ဇွန်လ တွင် စတင်ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ပြီး အခြားတန်ဖိုးရှိသော ငွေစက္ကူများကိုလည်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်သည်။















