အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့်အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းတွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ​ပြောကြား

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့်အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းတွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ​ပြောကြား
Published 27 March 2026

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့်အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းတွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမည် ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။

မတ် ၂၇ ရက်တွင် ကျ​ရောက်သည့် (၈၁)နှစ်​​မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်း​​ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ထိုသို့ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က"ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ် စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခု အပေါ် ရည်ညွှန်းဆောင်ရွက်ရတာ ဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံ တွေအရ မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်။ယခုဆိုရင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးက တစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ် တွေ ထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့အစည်းအဝေးများ စတင်ကျင်းပနေပြီ ဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြတဲ့ မဲတစ်မဲစီဟာ ပြည်သူ တစ်ဦးချင်းစီရဲ့ ဦးနှောက်နဲ့ နှလုံးသားများ ဖြစ်လို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေဟာလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနဲ့ အလေးအနက်ထား ကြိုးပမ်းထမ်းရွက်ကြဖို့ လိုအပ်မှာပဲဖြစ်တယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေး သွားမှာ ဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲ အသင့်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်"ဟု ​​ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာ ကြည့်ပါက အခြေခံအကျဆုံး အချက်သည် ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု ဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်​ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ် ရာနှုန်းပြည့်လွှမ်းခြုံ နိုင်ရန်ဆိုပါက

ပြည်သူတစ်ဦးချင်းစီတိုင်းတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများရှိနေရန်လည်း လိုအပ်​​ကြောင်း၊ ဒို့နိုင်ငံ​အနေဖြင့်လည်း ဖြစ်ပေါ်လာသည့်အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျ လေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ​ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။

"ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ် နဲ့ တိုင်းပြည်ကာကွယ်ရေး အတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်။ ပြည်သူများအနေနဲ့ ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေး လုပ်ငန်းစဉ် တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုတယ်" ဟုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​​ပြောကြားသည်။

ထို့အတူ ဒို့တာဝန်အရေး(၃)ပါးထဲမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုသည့်အချက်သည် ဒို့နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကိုညွှန်းဆိုခြင်းပဲဖြစ်​ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးက ထွက်ပေါ်လာသည့် ရလဒ်ကောင်းများသည်ဟတပ်မတော်တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက်မဟုတ်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အတွက်ဆိုသည်ကို လေးလေးနက်နက် သိမြင်ကြဖို့လိုအပ်​ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။ 

"ဒါကြောင့် ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လည်းကြိုးစားဆောင်ရွက် ခဲ့တာ တွေ့ရမှာဖြစ်တယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင် ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲမှုတွေကို လိုက်လျော ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွား မယ်” ဆိုတဲ့ ငြိမ်းချမ်းရေး မိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများ လက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားတဲ့ပြည်ထောင်စု သဘောတူညီချက်(Union Accord) များကို ပြည်ထောင်စု လွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်" ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။

ထို့ပြင် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် အကြမ်းဖက် သမားများသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် အဓိက ဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနှင့် Online လောင်းကစား မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက် ရှိနေကြ​ကြောင်း၊

အဆိုပါကိစ္စမျညးသည် အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို အန္တရာယ်ပေးနေခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင် ရေးများနှင့်တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။

တပ်မတော်သည် ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ဦးထိပ်ထား တာဝန်ထမ်းဆောင်ခဲ့​ကြောင်း၊ လက်ရှိကာလတွင်လည်း ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုသည့်ခံယူချက်ဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ကာကွယ်လျက်ရှိနေ​ကြောင်း၊ နောင်တွင်လည်း ပြည်သူကအားကိုးရသည့် နိုင်ငံတော်က အားထားရ​သော ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ​ပြောကြားသည်။

Most Read

Most Recent