မတ် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့အဆင့် ၂ တွင် ရောက်ရှိခဲ့သည်ဟု IQ Air ၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ် ၂၇ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုမှာ အနီရောင်အဆင့်တွင် ရှိခဲ့ပြီး လေထုညစ်ညမ်းမှုမှာ ၁၇၅ ဖြစ်နေသည်ဟု IQ Air ၏ ဖော်ပြချက်အရ သိရသည်။
“မနက်က မြူကျတယ် ထင်တာ။ ရှေ့ကို သိပ်မမြင်ရဘူး။ လိုင်းပေါ်တက်ကြည့်မှ လေထုအရည်အသွေးမကောင်းတာကို သိတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
မွန်းလွဲပိုင်းတွင် IQ Air ၏ ဖော်ပြချက်အရ ရန်ကုန်မြို့၏ လေထုအရည်အသွေးမှာ ကမ္ဘာ့အဆင့် ၃ သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နေ့လည် ၁ နာရီခန့်တွင် IQ Air ၏ ဖော်ပြချက်အရ ရန်ကုန်မြို့လေထုအရည်အသွေးမှာ ကမ္ဘာ့အဆင့် ၁၁ သို့ ပြန်လည်ရောက်ရှိခဲ့ပြီး လေထုအရည်အသွေးမှာ ထိခိုက်လွယ်သူများအတွက် ကောင်းမွန်ခြင်းမရှိသေးဟု ဖော်ပြထားသည်။
လေထုညစ်ညမ်းမှုမှာ လေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်၊ ရေခိုးရေငွေ့များမှာ ရှိသင့်တဲ့ပမာဏထက် ပိုပြီးများပြားစွာရှိနေခြင်းကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဖြစ်သည်။
လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညမှ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၀ မှ ၁၀၀ အကြားရှိပါက အလယ်အလတ်အဆင့်ရှိကာ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက်လေထုမှာ ကောင်းမွန်မှုမရှိကြောင်း သိရသည်။
၁၅၁ မှ ၂၀၀ အဆင့်ရှိပါက ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ၂၀၁ မှ ၃၀၀ အဆင့်ရှိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ၃၀၁အထက်ရှိပါက ကျန်းမာရေးကို အန္တရာယ်ပေးသည့်အဆင့်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းနှင့် ဖေဖော်ဝါရီလပိုင်းများကလည်း ရန်ကုန်မြို့၏ လေထုအရည်အသွေးမှာ အနီရောင်အဆင့်တွင် ရှိခဲ့သည်။
ပုံစာ- မတ် ၂၇ ရက် နံနက် ၇ နာရီခန့်က ရန်ကုန်မြို့၏ လေထုအခြေအနေကို တွေ့ရစဉ်။















