■ မြန်မာဘက်သို့ မှောင်ခိုတင်ပို့မည့် တရားမဝင် ဒီဇယ်ဆီ လီတာနှစ်သောင်းကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

■ မြန်မာဘက်သို့ မှောင်ခိုတင်ပို့မည့် တရားမဝင် ဒီဇယ်ဆီ လီတာနှစ်သောင်းကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
Published 24 March 2026

မြန်မာဘက်သို့ မှောင်ခိုတင်ပို့မည့် တရားမဝင် ဒီဇယ်ဆီ လီတာနှစ်သောင်းကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မဲဆောက်ခရိုင်တွင် အဆိုပါမော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဒီဇယ်ဆီများကို ခိုးသွင်းရန်ကြိုးပမ်းနေသည့် မော်တော်ယာဉ်မောင်းနှင့် စက်သုံးဆီတင်ဆောင်လာသည့် ၁၀ ဘီးမော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မဲဆောက်ခရိုင် တာစိုင်းလိတ်ကျေးရွာ နယ်စပ်အနီးတွင် ကုန်တင်ကားတစ်စီးကို ခရိုင်တာဝန်ရှိသူများက ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ယင်း ၁၀ ဘီးကားကို ပြုပြင်မွမ်းမံပြီး မြန်မာနိုင်ငံသို့ မှောင်ခိုဒီဇယ် လီတာ ၂ဝဝဝဝ တင်ဆောင်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး မည်ကဲ့သို့ ပြုပြင်ခဲ့သည်ကိုမူ အစီရင်ခံစာများတွင် ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် အနီးအနားရှိ ဂိုဒေါင်တစ်ခုကိုလည်း ဝင်ရောက်စစ်ဆေးရာ လောင်စာဆီသို လှောင်ရန်အတွက် အသုံးပြုသည့် စက်ပစ္စည်းများနှင့် ကွန်တိန်နာများကိုတွေ့ရှိခဲ့သည်။ 

        

ထို့ပြင် ယင်းဂိုဒေါင်အတွင်းမှ ဆီ ၄၅ဝဝ လီတာဆံ့ တိုင်ကီနှစ်လုံးကို တွေ့ရပြီး ယင်းတိုင်ကီထဲတွင် ဆီ ၃ဝဝ လီတာခန့် ကျန်ရှိနေကြောင်း၊ ၂ဝဝ လီတာဆံ့ ဆီတိုင်ကီ ၁၀၁ လုံးနှင့် ၃၀ လီတာဆံ့ ဆီတိုင်ကီ ၈၅ လုံးတို့ကို တွေ့ရကြောင်း တာ့ခ်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးမှ သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်း၊ ကုန်တင်ယာဉ်နှင့် ဆီမှောင်ခိုကုန်ကူးသူအား မဲဆောက် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံ၏ နယ်စပ်ခရိုင်ငါးခုလုံးတွင် နေထိုင်သူများသည် အခြားပြည်နယ်များကဲ့သို့ လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ယင်းသို့မှောင်ခိုတင်ပို့မှုသည် ဒေသတွင်း ထောက်ပံ့မှုကို ပိုမိုလျော့နည်းစေသည်ဟု သတင်းတွင်ဖော်ပြထားသည်။

 

Most Read

Most Recent