■ အစိုးရသစ်ဟုဆိုသော်လည်း ယခင်အစိုးရတာဝန်ယူသူအများစုသာ လွှတ်တော်အသီးသီးတွင် ထိပ်ပိုင်းနေရာယူ

■ အစိုးရသစ်ဟုဆိုသော်လည်း ယခင်အစိုးရတာဝန်ယူသူအများစုသာ လွှတ်တော်အသီးသီးတွင် ထိပ်ပိုင်းနေရာယူ
Published 20 March 2026

၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ငါးနှစ်အကြာတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများအပြီးတွင် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို မတ် ၁၆ ရက်က စတင်ပြီးကျင်းပခဲ့သည်။

မတ် ၁၆ ရက်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ မတ် ၁၈ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ မတ် ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ အများစုလွှမ်းမိုးထားသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ယခင်အစိုးရအဆက်ဆက် ဝန်ကြီးရာထူးများ ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ဟောင်း နှစ်ဦးဖြစ်သည့် ဦးခင်ရီနှင့် ဦးမောင်မောင်အုန်းတို့ ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သကဲ့သို့ ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်တွင်လည်း လဝက ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးရာထူးမှ အနားပေးခံရသော်လည်း ယင်းအချိန်မှစ၍ လက်ရှိအချိန်အထိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတာဝန်ကို ရရှိထားသူဖြစ်သည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလ တပ်မတော်အစိုးရလက်ထက်တွင် ဦးခင်ရီသည် ရဲချုပ်ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ 

ဦးခင်ရီကဲ့သို့ပင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်လာသူ ဦးမောင်မောင်အုန်းသည်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးများကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

အလားတူ အစိုးရသစ်အတွက် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရာတွင် အရေးပါပြီး အဓိကကျသည့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကို ဆောင်ရွက်ရမည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှစပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် နစကကို ဖျက်သိမ်းပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ချိန်တွင် ဦးအောင်လင်းဒွေးသည် တစ်ဖက်တွင် ပထမဆုံးအကြိမ်ဖွဲ့စည်းခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်သည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာသည့် ပြည်ခိုင်ဖြိုးပါတီ၏ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ Jeng Phang နော်တောင်သည်လည်း နစက လက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး နစက ဖျက်သိမ်းပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ချိန်မှာ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဖြစ်သူ ဦးဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်လက်ထက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး လွှတ်တော်၏ အကြီးအကဲဖြစ်လာခြင်းဖြစ်သည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်တို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးအောင်ကျော်မိုးသည် ၂၀၁၀ ပြည့်နှစ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဒုတိယဥက္ကဋ္ဌဖြစ်လာသူ ဦးကျော်မြင့်သည့် ၂၀၁၀ ပြည့်နှစ်က  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးရှိသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင်လည်း ယခင် ၂၀၁၀ ပြည့်နှစ် အစိုးရလက်ထက်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး လွှတ်တော်အကြီးအကဲဖြစ်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုအား ရွေးကောက်တင်မြှောက်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးခင်မောင်မြင့်အား ရွေးကောက်တင်မြှောက်ခဲ့သည်။

ဦးမြတ်ကိုသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ အစိုးရလက်ထက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်မြင့်သည် လက်ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ဦးကောလ်လျန်ထန်းဖြစ်ပြီး ၎င်းသည် လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးလည်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးစိုင်းလုံကျော်သည် NLD အစိုးရလက်ထက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ယနေ့ (မတ် ၂၀ ရက်) ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးရာထူး ရယူခဲ့သူများသာ နေရာယူခဲ့ကြသည်။

အစိုးရသစ်၊ လွှတ်တော်သစ်ဆိုသော်လည်း ယခင်အစိုးရလက်ထက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ခဲ့သူများသာ လက်ရှိ တတိယအကြိမ်လွှတ်တော်၏ လွှတ်တော်အသီးသီးတွင် ထိပ်ပိုင်းနေရာယူထားကြသည်ကို တွေ့မြင်ရသည်။

အစိုးရသစ်တွင် ဖွဲ့စည်းရာတွင် တတ်သိနားလည်သူများနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရန် အရေးကြီးသည်ဟုလည်း ပြည်သူ့ပါတီ၏ ချောင်းဆုံမြို့နယ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းက ပြောကြားသည်။

"ဖြစ်သင့်ဖြစ်ထိုက်တဲ့လူတွေ ပါဖို့ ဖြစ်ဖို့အရေးကြီးတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ထဲက ဖြစ်စေ၊ ပြည်နယ် အကျိုးကို ထမ်းဆောင်နိုင်မယ့် တတ်သိနားလည်သူတွေထဲကဖြစ်စေ၊ ဒီလိုလူမျိုးတွေကိုတော့ ပြည်နယ် အစိုးရသစ်အဖွဲ့ထဲပါစေချင်တယ်။ လူသစ်တွေပါရင်တော့ ပိုကောင်းတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တတ်သိနားလည်သူတွေနဲ့ အရောင်အသွေးစုံစုံလင်လင်ပါရင် ပိုကောင်းတာပေါ့။" ပြည်သူ့ပါတီ၏ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းက ပြောသည်။

သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ အစုအဖွဲ့အစည်းအဝေးများကို မတ် ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းနောက် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပြီးနောက် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။

"လွှတ်တော်တွေရဲ့ အဓိကတာဝန်ရှိတဲ့ရာထူးတွေကို ရွေးချယ်တဲ့အခါ ယခင်က တာဝန်ယူခဲ့ဖူးသူတွေနဲ့ အရင်လူတွေပဲဖြစ်နေတာ တွေ့ရတယ်။ အစိုးရသစ်၊ လွှတ်တော်သစ်လို့ အမည်တပ်ပေမဲ့ အခု တာဝန်ပေးခံရမှုတွေကိုကြည့်ရင် အရင်လူတွေပဲ ဖြစ်နေတယ်။ ဒီနေရာမှာ အချို့ဆိုရင် နာမည်ကောင်းမရရှိတဲ့သူတွေ၊ အဂတိနဲ့ဆက်နွယ်ပြီး ဝေဖန်ခံရမှုရှိသူတွေလည်း ပါနေတယ်။ ဒီတော့ လာမယ့် အစိုးရသစ်အဖွဲ့ဝင်တွေကျရင် ဘယ်လိုလာမလဲ။ လူသစ်တွေ ပါလာမလားလို့ မျှော်လင့်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အရင်အစိုးရအဖွဲ့က လူတွေချည်းပဲဆိုရင်တော့ အစိုးရသစ်လို့ မခေါ်သင့်ဘူးဖြစ်နေမယ်"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ပြောကြားသည်။

လာမည့် ဧပြီလဆန်းပိုင်းတွင် အစိုးရအသစ် ဖွဲ့စည်းတော့မည်ဖြစ်သည်။  ဒီမိုကရေစီ အကူးအပြောင်းကို ဖော်ဆောင်၍ လွှတ်တော်မှတစ်ဆင့် ပေါ်ပေါက်လာရမည့် အစိုးရသစ်အနေဖြင့် လူဟောင်း၊ မူဟောင်းများထက် လူသစ်များ၊ တတ်သိပညာရှင်များ၊ လူငယ်များဖြင့် ပါဝင်ဖွဲ့စည်းပြီး ဒီမိုကရေစီ အရွေ့အတွက် ခိုင်ခိုင်မာမာပုံဖော်ဆောင်ရွက်နိုင်မည့် အစိုးရသစ်ဖြစ်ရန် များစွာအရေးကြီးကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

 

Most Read

Most Recent