အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်းသည် အီရန်၏ ပစ်ခတ်မှုကြောင့်ဟု ယူဆရသော ထိမှန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်အရှေ့အလယ်ပိုင်းရှိ အမေရိကန် လေတပ်စခန်းတစ်ခုသို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ထိုဖြစ်စဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်ဟော့ကင်းက အဆိုပါ ပ ဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်သည် အီရန်နိုင်ငံပေါ်တွင် တိုက်ပွဲဝင်မစ်ရှင် ဆောင်ရွက်နေစဉ် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။
လေယာဉ်သည် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဟော့ကင်းက ဆိုသည်။
"လေယာဉ်ဟာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သလို လေယာဉ်မှူးရဲ့ အခြေအနေကလည်း တည်ငြိမ်မှုရှိပါတယ်။ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်" ဟု ဟော့ကင်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့သော စစ်ပွဲအတွင်း အမေရိကန် လေယာဉ်တစ်စင်းကို အီရန်က ပထမဆုံးအကြိမ် ထိမှန်အောင် တိုက်ခိုက်နိုင်ခြင်း ဖြစ်လာမည်ဖြစ်သည်။
လက်ရှိပဋိပက္ခတွင် အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံလုံးက F-35 တိုက်လေယာဉ်များကို အသုံးပြုနေကြပြီး အဆိုပါ လေယာဉ်တစ်စင်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိသည်။
Ref:CNN
Photo:AP















