ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: UEFA
Photo: UEFA
Published 18 March 2026

ဘာစီလိုနာ - နယူးကာဆယ် (မတ် ၁၉ ရက် နံနက် ဝဝး၁၅ နာရီ)

(ပထမအကျော့ရလဒ် နယူးကာဆယ် ၁-၁ ဘာစီလိုနာ)

ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပေမဲ့ မန်ယူနဲ့ ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ နယူးကာဆယ်ရဲ့ ခြေစွမ်းကို လျှော့တွက်လို့ မရနိုင်ပါဘူး။ အသင်းမှာ ကစားသမားကောင်းတွေ ရှိနေတာကြောင့် မထင်မှတ်တာတွေ လုပ်ပြနိုင်စွမ်းလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက ပြိုင်ပွဲအတွေ့အကြုံ ပိုမိုသာလွန်သလို၊ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲနိုင်၊ (၁)ပွဲသရေကစားထားတဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာကောင်းနေပါတယ်။ အိမ်ကွင်းမှာ ပြိုင်ပွဲစုံနောက်ဆုံး(၁၇)ပွဲဆက် အနိုင်ရထားတဲ့မှတ်တမ်းကလည်း ကြောက်စရာကောင်းပါတယ်။ နယူးကာဆယ်ရဲ့ လတ်တလောအဝေးကွင်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေပေမဲ့ နူးကမ့်မှာတော့ ဘာစီလိုနာ နိုင်ပွဲဆက်မှာ သေချာပါတယ်။

ဘိုင်ယန်မြူးနစ် - အတ္တလန်တာ (မတ် ၁၉ ရက် နံနက် ၂း၃၀ နာရီ)

(ပထမအကျော့ရလဒ် အတ္တလန်တာ ၁-၆ ဘိုင်ယန်မြူးနစ်)

ဘိုင်ယန်မြူးနစ်က ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာကတည်းက ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်က တက်ရောက်နိုင်ပြီးသားလို ဖြစ်နေပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အတ္တလန်တာအသင်းအနေနဲ့ ဂျာမန်မြေမှာ အရှက်တကွဲမရှုံးနိမ့်အောင်သာ ကြိုးစားရမယ့်အခြေအနေပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ထပ်ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရဖို့ အလားအလာများပါတယ်။

လီဗာပူးလ် - ဂါလာတာစာရေး (မတ် ၁၉ ရက် နံနက် ၂း၃၀ နာရီ)

(ပထမအကျော့ရလဒ် ဂါလာတာစာရေး ၁-၀ လီဗာပူးလ်)

လီဗာပူးလ်က ပထမအကျော့က အရှုံးရလဒ်ကို ပြန်ချေဖျက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့  မျှော်လင့်ချက်ကတော့ အပြည့်ဖြစ်နေပါတယ်။ ဒီပွဲမှာ ရလဒ်မကောင်းခဲ့ရင် နည်းပြထိုင်ခုံပေါ်မှာ ဆက်ရှိနိုင်ဖို့ အလားအလာနည်းသွားမှာဖြစ်တာကြောင့် အာနယ်ဆလော့အနေနဲ့လည်း ဂရုတစိုက်ပြင်ဆင်ထားပါလိမ့်မယ်။ ဒါပေမဲ့ ဂါလာတာစာရေးအသင်းက နောက်ဆုံး(၅)ပွဲဆက် အနိုင်ရထားတဲ့အပြင် လီဗာပူးလ်နဲ့တွေ့တိုင်း ရလဒ်ကောင်းတတ်တဲ့ အစဉ်အလာရှိတာကိုတော့ သတိပြုဖို့ လိုပါတယ်။ လီဗာပူးလ်အသင်း အနိုင်ရရင်တောင် ဂိုးပြတ်မယ်မထင်ပါဘူး။

စပါး - အက်သလက်တီကို (မတ် ၁၉ ရက် နံနက် ၂း၃၀ နာရီ)

(ပထမအကျော့ရလဒ် အက်သလက်တီကို ၅-၂ စပါး)

စပါးအသင်းက နည်းပြ တူဒေါလက်ထက်မှာ ရှုံးပွဲတွေကို ရပ်တန့်နိုင်ခဲ့ပေမဲ့ နိုင်ပွဲတော့ ရှာမတွေ့သေးပါဘူး။ အက်သလက်တီကိုက နိုင်ပွဲဆက်နေတဲ့အသင်းပါ။ ပထမအကျော့ရလဒ်ကလည်း စပါးအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်မယ်ဆိုရင် ဟာသလို ဖြစ်နေပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းအတွက် ပြန်လာနိုင်ဖို့ ဖြစ်နိုင်ခြေနည်းတဲ့ပွဲမှာ စွန့်စားခန်းဖွင့်တော့မယ်လို့လည်း မထင်ပါဘူး။ ဒါကြောင့် အက်သလက်တီကိုအသင်းတောင် နိုင်ပွဲထပ်ရသွားနိုင်ပါတယ်။

 

Most Read

Most Recent