ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များကို QR Code ဖြင့် မတ် ၁၂ ရက်မှစ၍ စက်သုံးဆီ စမ်းသပ်ရောင်းချကြောင်း သိရသည်။
မော်တော်ယာဉ်၏ Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စမ်းသပ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ စမ်းသပ်တဲ့ကာလပဲရှိပါသေးတယ်။ ဘယ်လိုစမ်းသပ်ရောင်းချလဲဆိုရင် ကား Wheel Tax မှာရှိတဲ့ Barcode ကို Scan ဖတ်တာပါ။ Scan ဖတ်ပြီး အမှန်ခြစ်ပေါ်ရင် ဆီထည့်လို့ရတယ်။ အမှားခြစ်ပေါ်ရင် ထည့်လို့မရလို့ မထည့်ပေးပါဘူး။ ဒီနေ့က စုံရက်ဆိုတော့ စုံကားတွေက အမှန်ခြစ်ပေါ်ပါတယ်။ ဒါပေမယ့် တခြားဆိုင်မှာ ထည့်ခဲ့တဲ့ စုံကားဆိုရင်တော့ နောက်တစ်ဆိုင်မှာ အမှန်ခြစ်မပေါ်ဘဲ အမှားခြစ်ပေါ်ပါတယ်။ အဲဒါဆို ထည့်ပြီးသားဖြစ်တဲ့အတွက် မထည့်ပေးပါဘူး” ဟု ဆီဆိုင်တစ်ဆိုင်ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တစ်ကြိမ်သာ Scan ဖတ်ပြီး ထည့်ခွင့်ပြုထားသည့်အတွက် နယ်ဘက်ဟိုင်းဝေးသွားရမည်ဆိုလျှင် ဆီမလုံလောက်သဖြင့် အခက်တွေ့ရကြောင်း တက္ကစီမောင်းနှင်သူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ဆို နယ်အဝေးတွေ သွားရတဲ့အတွက် တစ်ခါပဲ Scan ဖတ်ပြီး ထည့်ရမယ်ဆိုရင် လမ်းခရီးမှာ ဆီမလောက်ရင် ဘယ်လိုလုပ်မလဲ။ လမ်းခရီးက ဆိုင်တွေမှာ ဝင်ထည့်ရင် ထည့်ပြီးသားဖြစ်လို့ မထည့်ပေးရင် ဘယ်လိုလုပ်ရမလဲ” ဟု အဆိုပါတက္ကစီမောင်းနှင်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ Wheel Tax တွင်ပါရှိသော Barcode အား Scan ဖတ် ရောင်းချရာတွင် Wheel Tax အစစ်သာ Scan ဖတ်၍ရမည်ဖြစ်ပြီး မိတ္တူကူးထားသည့် Wheel Tax များ Scan ဖတ်၍ မရကြောင်း သိရသည်။
အဆိုပါစမ်းသပ်ရောင်းချမှုကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မတ် ၁၂ ရက်မှစ၍ စမ်းသပ်ရောင်းချကြောင်း သိရသည်။















