စက်သုံးဆီအရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာနက ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်

စက်သုံးဆီအရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာနက ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်
Published 9 March 2026

စက်သုံးဆီအရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာနက ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် ရောက်ရှိစေရေးနှင့် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီများအား သုံးစွဲသူများသို့ ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှုကွင်းဆက်တစ်လျှောက် စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းနှင့် သီလဝါရှိ Terminal များမှ စက်သုံးဆီများ ထုတ်ယူရောက်ရှိမှုအခြေအနေများအား စိစစ်ကြပ်မတ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကလည်း စက်သုံးဆီအရောင်းဆိုင်များသို့ စစ်ဆေးကြပ်မတ်လျက်ရှိခြင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူသည့် ယာဉ်အရေအတွက်များ လျော့နည်းလာကြောင်း တွေ့ရသည်။

သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ကြပါရန်နှင့် တန်းစီခြင်းကြောင့် အချိန်ကုန်ပြီး မလိုလားအပ်သော အခက်အခဲများ ဖြစ်ပေါ်စေနိုင်သောကြောင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကလည်း စက်သုံးဆီအလုံအလောက်ရှိသဖြင့် လိုအပ်သလောက်သာဝယ်ယူကြရန်နှင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲ အချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြရန် မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ ကိစ္စရပ်များကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံ လောက်စွာ ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝ မရှိနိုင်ကြောင်း အသိပေးကြေညာအပ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့် ကြမှုမရှိကြပါရန်၊ အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့်အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီပေးကြရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြရန် နှင့် စက်သုံးဆီများ အလုံအလောက်ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်းမပြုကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ခဲ့သည်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၃ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent