■ အထောက်အထား လက်မှတ်မရှိခြင်းနှင့် တရားရုံးများ၌ အမည်စာရင်း တင်သွင်းထားခြင်းမရှိဘဲ ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့် တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ပါက အများဆုံးပြစ်ဒဏ် ကျပ်သိန်းတစ်ရာနှင့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပြင်ဆင်ချက်ပါဝင်သော ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်း
အထောက်အထား လက်မှတ်မရှိခြင်းနှင့် တရားရုံးများ၌ အမည်စာရင်း တင်သွင်းထားခြင်းမရှိဘဲ ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့် တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ပါက
အများဆုံးပြစ်ဒဏ် ကျပ်သိန်းတစ်ရာနှင့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပြင်ဆင်ချက်ပါဝင်သော ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယင်းဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ ယင်းဥပဒေကို ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါပြင်ဆင်သည့် ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (က) ပြဋ္ဌာန်းချက်၏နောက်တွင် “အခကြေးငွေယူ၍ဖြစ်စေ၊ မယူဘဲဖြစ်စေ အမှုစွဲဆို ဆိုင်ပြိုင်ရန်အလို့ငှာ အမှုသည်၏ ကိုယ်စားလှယ်အဖြစ် မရိုးမဖြောင့်သောသဘောဖြင့် ဆောင်ရွက်သူ၊ သို့မဟုတ်”၊ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၁၀ ပြဋ္ဌာန်းချက်၏နောက်တွင် “ထို့ပြင် ရှေ့နေအဖြစ် မည်သည့် တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ပါရှိသည်။
ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၂ ပထမအပိုဒ်ကိုလည်း “မည်သူမဆို ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်၍ တရားရုံးတစ်ရုံးရုံးတွင် ရှေ့နေ အဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်း၊ ရှေ့နေအဖြစ် တရားရုံးပြင်ပ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ခြင်းပြုပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာအထိ ငွေဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်"ဟု အစားထိုးရမည်ဖြစ်ကြောင်း ပါရှိသည်။
အလားတူ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၃ တွင် ပါရှိသော “ငွေဒဏ် ၂၀၀ ကျပ်အထိ ချမှတ်ခံရမည်၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက တရားမထောင်တွင် ထောင်ဒဏ် ၃ လအထိ ချမှတ်ခံရမည်” ဆိုသည့် စကားရပ်ကို “၃ နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတစ်ရာအထိ ငွေဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်ဖြစ်ကြောင်း ပါရှိသည်။
ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၄ တွင် ပါရှိသော “အဆိုပါတရားရုံး သို့မဟုတ် အဆိုပါရုံးမှ အကြီးအကဲအရာရှိ၏ အမိန့်အရ ငွေဒဏ် ၅၀၀ ကျပ်အထိ ချမှတ်ခံရမည့်ပြင် ငွေဒဏ်ပေးဆောင် ရန် ပျက်ကွက်ပါက တရားမထောင်တွင် ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမည်” ဆိုသည့် စကားရပ်ကို “၃ နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အနည်းဆုံးကျပ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတစ်ရာအထိ ငွေဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ မည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ပါရှိသည်။
ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၆ တွင် (က) ပုဒ်မခွဲ (၃) ၌ ပါရှိသော “သက်ဆိုင်သည့် တရားရုံးတိုင်းတွင်” ဆိုသည့် စကားရပ် ကို “တရားရုံးအသီးသီးတွင်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း၊ (ခ) ပုဒ်မခွဲ (၆) ၌ ပါရှိသော “ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ် ၅၀ဝ ကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်” ဆိုသည့် စကားရပ်ကို “၃ နှစ် ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ အနည်းဆုံးကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာအထိ ငွေဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရမည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ပါရှိသည်။
ယခင်ပြဌာန်းထားသည့် ရှေ့နေများအက်ဥပဒေပုဒ်မ (၁၀) တွင် အက်ဥပဒေ သို့မဟုတ် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် ပြဋ္ဌာန်းထားသည်မှတစ်ပါး မည်သူမဆို ပုဒ်မ ၇ အရထုတ်ပေးသော အထောက် အထားလက်မှတ် ကိုင်ဆောင်ထားခြင်း မရှိသည့် အပြင် အဆိုပါတရားရုံး သို့မဟုတ် ယင်းရုံး၏လက်အောက် ခံရုံးတစ်ရုံးရုံးတွင် အမည်စာရင်း တင်သွင်းထားခြင်း မရှိလျှင် ထိုသူအားမည်သည့် တရားရုံးတွင်မျှရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ခွင့်မရှိစေရ" ဟု ပြဌာန်းထားပြီး လက်ရှိတွင် ယင်းပုဒ်မ ၁၀ ၏နောက်တွင် ဖြည့်စွက်ပြဌာန်းခဲ့ခြင်းဖြစ်သည်။















