တိုင်း​နှင့် ပြည်နယ်များတွင် စည်ပင်သာယာ​ရေးဝန်ကြီးများကို  မြို့​တော်ဝန်များအဖြစ် ခန့်အပ်တာဝန်​ပေးနိုင်မည့် ပြဌာန်းချက်အား ထည့်သွင်းပြင်ဆင်

တိုင်း​နှင့် ပြည်နယ်များတွင် စည်ပင်သာယာ​ရေးဝန်ကြီးများကို  မြို့​တော်ဝန်များအဖြစ် ခန့်အပ်တာဝန်​ပေးနိုင်မည့် ပြဌာန်းချက်အား ထည့်သွင်းပြင်ဆင်
Published 4 March 2026

တိုင်း​​ဒေသကြီးနှင့် ပြည်နယ်များတွင် စည်ပင်သာယာ​ရေးဝန်ကြီးများကို  မြို့​တော်ဝန်များအဖြစ် ခန့်အပ်တာဝန်​ပေးနိုင်မည့် ပြဌာန်းချက်အား ထည့်သွင်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်(၁၁ /၂၀၂၆)ကို မတ် ၄ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ မူလဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ခ)တွင် "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဦးရေကို အနည်းဆုံးငါးဦးမှ အများဆုံး တစ်ဆယ်ဦးအထိ သတ်မှတ်တာဝန်ပေးရမည်။ ယင်းသို့ သတ်မှတ် သောဝန်ကြီးဦးရေအတွင်း တိုးခြင်းနှင့် လျှော့ခြင်းများပြုနိုင်သည်။ ဝန်ကြီးများ သတ်မှတ်တာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက်နှင့် မန္တလေးတိုင်းဒေသကြီးအတွက်ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန်အဖြစ် တာဝန်ပေးအပ်သည်" ဟု ပြဌာန်းထားခြင်းဖြစ်သည်။

ယခုပြဌာန်းသည့်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပ​ဒေကို ပြင်ဆင်သည့်ဥပ​ဒေတွင် မူလဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ခ)အား "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဦးရေကို အနည်းဆုံးငါးဦးမှ အများဆုံး တစ်ဆယ်ဦးအထိ သတ်မှတ်တာဝန်ပေးရမည်။ ယင်းသို့ သတ်မှတ် သောဝန်ကြီးဦးရေအတွင်း တိုးခြင်းနှင့် လျှော့ခြင်းများပြုနိုင်သည်။ ဝန်ကြီးများ သတ်မှတ်တာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက်နှင့် မန္တလေးတိုင်းဒေသကြီးအတွက်ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန်အဖြစ် တာဝန်ပေးအပ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြို့တော်တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်"ဟု

ဖြည့်စွက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ​နေပြည်​တော်၊ ရန်ကုန်မြို့နှင့် မန္တ​​လေးမြို့များတွင် မြို့​တော်ဝန်များ ခန့်အပ်တာဝန်​ပေးထားသည်။

အလားတူ ​နေပြည်​တော်တွင် ဒုတိယမြို့​တော်ဝန်ခန့်အပ်တာဝန်​ပေးနိုင်မည့် ​နေပြည်​တော်​ကောင်စီဥပ​ဒေကို ပြင်ဆင်သည့် ဥပ​ဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ( ၁၀ /၂၀၂၆)ဖြင့် မတ် ၄ ရက်တွင် ပြဌာန်းခဲ့သည်။

ထိုသို့ပြင်ဆင်မှုအရ နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၏ နောက်တွင် ပုဒ်မခွဲ(ဂ)အား “ကောင်စီဝင်တစ်ဦးအား နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်"ဟု ဖြည့်စွက်ပြဌာန်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent