မော်တော်ယာဉ်များကို စုံရက် မ ရက် သတ်မှတ်ပြီး မောင်းနှင်ရန် ထုတ်ပြန်ချက် ဝေဖန်မှုများရှိနေ

မော်တော်ယာဉ်များကို စုံရက် မ ရက် သတ်မှတ်ပြီး မောင်းနှင်ရန် ထုတ်ပြန်ချက် ဝေဖန်မှုများရှိနေ
Published 4 March 2026

မော်တော်ယာဉ်များကို စုံရက် မ ရက် သတ်မှတ်ပြီး မောင်းနှင်ရန် ထုတ်ပြန်ချက် ဝေဖန်မှုများရှိနေသည်ဟု သိရသည်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ ​မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ယ​နေ့(မတ် ၃ ရက်)တွင် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ပြည်သူသို့ အသိပေးကြေညာချက်တွင် လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိ​ကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်​ကြောင်း ​ဖော်ပြထားသည်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်​ကြောင်းနှင့် ယင်းသို့ကန့်သတ်ချက်တွင် EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များမပါဘဲ EV မော်တော်ယာဉ်/ EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်​ကြောင်း သိရသည်။

သို့ရာတွင်  နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်​ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်​ကြောင်းနှင့် သို့ဖြစ်၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာပင် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

“ကျွန်တော့်ကားက မ ရက်မှာပဲ မောင်းရမယ်။ တကယ်လို့ ကိုယ့်ကားက ဆီပြတ်သွားလို့ သွားဝယ်ရင်တောင် ချက်ချင်းဝယ်လို့မရတော့ဘူး။ အမိန့်စာထုတ်ထားတော့။ ဒါကဘယ်လိုမှအဆင်မပြေဘူး” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ယခုအမိန့်စာထုတ်ပြန်မှုကြောင့် ပုဂ္ဂလိကလုပ်ငန်းများတွင်လည်း ထိခိုက်နိုင်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ဆီအတွက် ကန့်သတ်မယ်ဆိုရင်လည်းတစ်ရက်ကို ကားတစ်စီးဘယ်လောက်ပဲရောင်းပေးမယ်။ ဒါမှမဟုတ် နှစ်ရက်ကိုဘယ်လောက်ပဲ ရောင်းပေးမယ်ဆိုတာရ အဆင်ပြေတယ်။ ကားသုံးတဲ့သူက သူတို့ဘာသာသူတို့ ချင့်ချိန်ပြီး သုံးသွားမှာပဲ။ အခုလို ကန့်သတ်လိုက်တော့ တချို့ ကုမ္ပဏီဖယ်ရီတွေ ပစ္စည်းပို့တဲ့ကားတွေ ဘယ်လိုမှအဆင်မပြေတော့ဘူး။ ဥပမာ ကားပိုင်ရှိတဲ့ကုမ္ပဏီဆိုရင်လည်း အင်ပြည့်အားပြည့် အလုပ်လုပ်ချင်တာတောင် ကားကိုခိုင်းလို့ မရတော့ဘူး။ အလှည့်ကျစနစ်ဖြစ်သွားတော့ ဒီနေ့ စုံ ကားထွက်၊ ဒီနေ့ မ ကားထွက်။ ဒီကြားထဲ စုံ နံပါတ်အက္ခရာတွေပဲရှိရင် လတဝက်လောက်က အလုပ်လုပ်လို့မရတော့ဘူး။ ကုမ္ပဏီတွေမှာက ပစ္စည်းပို့ကားတွေ သွားလို့ရတယ်ဆိုပေမယ့် တခြားကားတွေအတွက် အကန့်အသတ်ဖြစ်သွားတော့ လုပ်ငန်းမှာ ခက်ခဲတာတွေ ကြုံရတော့မှာပေါ့” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်လည်း မတ် ၃ ရက် မွန်းလွဲပိုင်းမှစတင်ကာ စက်သုံးဆီများကို တန်းစီဝယ်ယူခြင်းများရှိလာပြီး မတ် ၄ ရက် နံနက်တွင်ယခင်ထက်ပိုများလာသည်ဟု သိရသည်။

“ဆိုင်တော်တော်များများမှာ တန်းစီတာတွေများလာတယ်။ အနည်းဆုံးမရှိဘူးဆိုရင် တစ်ဆိုင်ကို အစီး ၃၀ ကျော်လောက်ရှိမယ်” ဟု ရန်ကုန်မြို့တွင်းအဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ညွန်ကြားချက်ထုတ်ပြန်ခြင်းကြောင့် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဟု မော်တော်ယာဉ်ဝန်ဆောင်မှုပေးသူများက သုံးသပ်သည်။

“အခုက သက်တမ်းတိုးမယ်ဆိုရင် အွန်လိုင်းဘိုကင်စနစ်နဲ့ သွားနေတာ။ ကိုယ်က ဘိုကင်ရတဲ့နေ့က စုံ ရက်ဖြစ်နေတယ်။ ကိုယ့်ကားက မ ဖြစ်နေရင် ဘယ်လိုမှ သက်တမ်းတိုးလို့ရမှာမဟုတ်တော့ဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး ကညနကလည်း သီးခြာထုတ်ပြန်ထားတာ လောလောဆယ်မရှိသေးဘူး” ဟု မော်တော်ယာဉ်ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောကြားသည်။

အလားတူ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “အခုအချိန်က ကျောင်းတွေ စာမေးပွဲရာသီဖြစ်နေတယ်။ အခုလို တစ်ရက်ခြားပဲ ကားသုံးရမယ်ဆိုရင် ကလေးတွေ ပို့ရတာ အခက်အခဲဖြစ်တယ်။ ကျောင်းပို့ဖို့ အခက်အခဲဖြစ်ရင် စာမေးပွဲကလည်း နီးနေတော့ ကျောင်းနဲ့ request လုပ် ကလေးကို zoom နဲ့သင်တာမျိုးရော ရမလား။ အဲတော့လည်း စာမေးပွဲမှာ အခက်အခဲဖြစ်မှာဆိုးတယ်။ အတော်တော့ အကျပ်ရိုက်သွားတယ်။ စာမေးပွဲနီးနေချိန်ဆိုတော့။ တကယ်တော့ဗျာ ဆီချွေတာဖို့ဆို အခြားနည်းတွေနဲ့လည်း ရနိုင်ပါတယ်။ ဆီထုတ်တာတွေ ထိန်းရင် ထိန်းပေါ့။ ကျနော်တို့ဆိုလည်း လိုသလောက်ပဲထုတ်တယ်။ panic buying  အလုအယက် မရမှာဆိုးလို့ တန်းစီတာ မလုပ်ပါဘူး။ တကယ်ဆို ကားနံပါတ်နဲ့ ဆီက တစ်ပတ် ဘယ်နလီတာပဲ ထုတ်ရမယ်မျိုးဆိုရင်လည်း အဆင်ပြေနိုင်တာပဲလေ။ အခုလို တစ်ရက်ခြား ကား မသုံးရတာထက်စာရင်ပေါ့။ ဒီအမိန့်ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်စဉ်းစား သုံးသပ်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent