တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၉၇ ဦးအပါအဝင် ပြည်ပနိုင်ငံသား ၃၉၃ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၉၇ ဦးအပါအဝင် ပြည်ပနိုင်ငံသား ၃၉၃ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
Published 3 March 2026

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၂၉၇ ဦးအပါအဝင် တရားမဝင်ပြည်ပနိုင်ငံသား ၃၉၃ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောပူးပေါင်းအဖွဲ့များသည် တာချီလိတ်မြို့၊ မယ်ခေါင်(၂) ရပ်ကွက်၊ မယ်ခေါင်(၂)လမ်း၊ ဟိုတယ်လိုင်စင်ရယူထားခြင်းမရှိသော အပြည်ပြည်ဆိုင်ရာ ဟိုတယ်အမည်ရှိ အဆောက်အဦ၌ တရားမဝင်အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းသတင်းအရ ယနေ့(မတ် ၃ ရက်) မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်သည့်တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၂၈၉ ဦး၊ အမျိုးသမီးရှစ်ဦး၊ ပေါင်း ၂၉၇ ဦး၊ မလေးရှားနိုင်ငံ သား အမျိုးသား ၃၁ဦး၊ အမျိုးသမီးခုနစ်ဦး၊ ပေါင်း ၃၈ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ပေါင်း ၅၇ ဦး၊ ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၃၉၃ ဦး တို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၁၇၄ လုံး၊ CPU ၇၀ လုံး၊ StarLink ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်

အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြု နိုင်ခြင်း မရှိစေရေး စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent