အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီဟု ကြေညာလိုက်ပြီဖြစ်ကာ ဖြတ်သန်းရန်ကြိုးပမ်းသည့် သင်္ဘောမှန်သမျှကို မီးရှို့ဖျက်ဆီးပစ်မည်ဟု သတိပေးလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အဓိကရေနံတင်ပို့ရာ လမ်းကြောင်းတစ်လျှောက်တွင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ပြီးနောက် ရေလက်ကြားကိုပိတ်ရန်အမိန့်ထွက်လာခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူးတစ်ဦးကပြောကြားခဲ့သည်။
IRGC ၏အကြံပေး ဗိုလ်ချုပ်ဆန်ဒါ အီဘရာဟင်ဂျက်ဘာရီက “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဖြတ်သန်းဖို့ကြိုးစားတဲ့သူ ဘယ်သူမဆို IRGC ရေတပ်နဲ့ကြည်းတပ်ကသူရဲကောင်းတွေက အဲဒီသင်္ဘောတွေကို မီးရှို့ဖျက်ဆီးပစ်မှာပါ။ ဒီဒေသကို မလာကြပါနဲ့။ ဒီဒေသကနေ ရေနံတစ်စက်မှ ပါခွင့်မပြုတော့ဘူး” ဟု ကြေညာထားသည်။
သို့သော်အီရန်က ထိုရေလက်ကြားကို အမှန်တကယ်ပိတ်ဆို့နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ ရှင်းရှင်းလင်းလင်းမဖြစ်သေးဟု ဆန်းစစ်သူများကသုံးသပ်ကြသည်။
ထိုသို့ပိတ်လိုက်ပါက အမေရိကန်ရေတပ်နှင့်လေတပ်တို့၏ အကြီးအကျယ်တုံ့ပြန်မှုများကို ဖြစ်လာစေနိုင်သောကြောင့်ဖြစ်သည်။ ယခုအီရန်နှင့်စစ်ပွဲအတွင်းမှာပင် အီရန်စစ်သင်္ဘော ၁၁ စင်းကို ဖျက်ဆီးပစ်လိုက်ပြီဟု အမေရိကန်က ကြေညာထားသည်။
ဟော်မုဇ်ရေလက်ကြားသည် အိုမန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားတည်ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှု၏ ၅ ပုံ ၁ ပုံခန့်ဖြတ်သန်းရာ အရေးအကြီးဆုံးလမ်းကြောင်းဖြစ်သည်။ပြီးခဲ့သည့်နှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရေနံစည်ပေါင်း သန်း ၂၀ ကျော် ဖြတ်သန်းခဲ့သည်။
ကမ္ဘာ့စွမ်းအင်ဈေးကွက် ကျပ်တည်းနေချိန်တွင် ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့ပါက ရေနံဈေးနှုန်းများ ချက်ချင်း မြင့်တက်သွားစေနိုင်ပြီး အီရန်ကိုယ်တိုင်လည်း ရေနံတင်ပို့မှုတွင် ထိခိုက်လာနိုင်သည်။
Ref: Nation Thailand















