၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့(မတ် ၂ ရက်)မွန်းလွဲ ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူကြကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူပြီး နိုင်ငံတော်ယာယီ သမ္မတနှင့် ဇနီးတို့နှင့် အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ယာယီသမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက် တည်ခြင်း၊ သန်လျင် မင်းကျောင်း ဆရာတော်ကြီးက သာရဏီယ ဩဝါဒကထာကို မြွက်ကြား ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်ယာယီသမ္မတက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနာယက အဘိဓဇမဟာရဋ္ဌရုရု၊
အဂ္ဂမာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဝိဇ္ဇာနန္ဒာဘိဝံသထံ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ နယားကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယထံလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ (အလယ်)တိုက် ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာဇောတ ထံလည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံ ဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆရာတော် ဘဒ္ဒန္တ နာယကာဘိဝံသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ ၏ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သမိဒ္ဓေါဒယသီရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ကလျာသိင်္ဂီထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့အတူ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော် ယာယီသမ္မတက အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသည့် ဦးကျော်စိုးဝင်း(ခ) ဦးခန့်စည်သူ၊ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသည့် ဦးဇော်လတ်နှင့် ဦးတင်မောင်ဝင်းတို့အား လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌက သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူ သူရဦးမြင့်မောင်အား လည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကိုလည်းချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ၏ ဇနီးက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရရှိသည့် ဒေါက်တာ ဌေးဌေးခိုင် ၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ညွန့်ယဉ်ဝင်း၊ ဒေါ်သီတာအောင်၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရရှိသည့် ဒေါ်နန်းအေခန့်၊ ဒေါ်ခင်သီတာ၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့ရရှိသည့် ဒေါ်စမ်းစမ်းအေး၊ ဒေါ်ဥမ္မာမြင့်၊ ဒေါ်နီလာ၊ ဒေါ်ဝါဝါသင်း၊ ဒေါ်သ ဉ္ဇာဝင်းစိန်၊ ဒေါက်တာ ဒေါ်နန်းကူးကူ၊ ဒေါ်သီတာလွင်တို့အားလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၏ ဇနီးက သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိသည့် ဒေါ်တင်မိုးနွယ်၊ ဒေါက်တာအေးခိုင်ညွန့်၊ ဒေါ်ခင်နှင်းဝေ၊ ဒေါ်မာလာတင့်၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်၊ ဒေါ်ခင်လေးမြင့်၊ ဒေါ်ခင်လှဝင်း၊ ဒေါ်စုညွန့်ဦး၊ ဒေါ်သန်းသန်းအေး၊ ဒေါက်တာနန္ဒာမွှန်းနှင့် ဒေါ်ကြူကြူစိုး တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်ယာယီ သမ္မတနှင့် ဇနီးတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အလှူရှင်များ က ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူခဲ့သည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိသက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်း နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လောင်းလှူခဲ့ကြောင်း သိရသည်။















