■ အီရန်ကိုတိုက်ခိုက်သည့် အစ္စရေးဘက်မှ အမေရိကန်လည်း ပါဝင်တိုက်ခိုက်

■ အီရန်ကိုတိုက်ခိုက်သည့် အစ္စရေးဘက်မှ အမေရိကန်လည်း ပါဝင်တိုက်ခိုက်
Published 28 February 2026

ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို တိုက်ခိုက်ခဲ့သည့် အစ္စရေးဘက်မှ အမေရိကန်လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နှင့် အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို အကြီးစားတိုက်ခိုက်မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏ တိုက်ခိုက်မှုများ မစတင်မီကပင် အမေရိကန် တာဝန်ရှိသူများက အီရန်အနေဖြင့် မည်သည့်တိုက်ခိုက်မှုကိုမဆို ချက်ချင်းလက်တုံ့ပြန်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ 

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် သံရုံးများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ခြေရှိနေသည်။

ထို့ပြင် အီရန်၏ ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များကလည်း ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားများကို တိုက်ခိုက်လာနိုင်သည်ဟု ယူဆရသည်။

အမေရိကန်က ဒေသတွင်း၌ စစ်အင်အား အများအပြား ကြိုတင်ဖြန့်ကြက်ထားသည့် အဓိကအကြောင်းရင်းမှာ အီရန်က လက်တုံ့ပြန်မှုများပြုလုပ်ခဲ့မည်ဆိုပါက အမေရိကန်၏ စစ်စခန်းများကို ကာကွယ်ရန်အတွက် ဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် တစ်နှစ်မပြည့်မီအတွင်း အမေရိကန်က အီရန်အပေါ် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အမေရိကန်သည် အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံ သုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။

ယခုအကြိမ်တွင်လည်း အမေရိကန်၏ တိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းဒေသနှင့် လေယာဉ်တင်သင်္ဘောများပေါ်မှ တိုက်လေယာဉ်များကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CNN သတင်းတွင် ဖော်ပြခဲ့သည်။

Ref:CNN

Photos- AFP

 

Most Read

Most Recent