မန္တလေးမြို့ မြို့သစ် (၁) ရပ်ကွက်တွင် ဆိုင်ကယ်အပိုပစ္စည်းနှင့် ကားအပိုပစ္စည်းဆိုင် မီးလောင်မှု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နံနက်အစော ၂ နာရီ ၁၂ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ရာ မီးသတ်တပ်သား ဒဏ်ရာရရှိပြီး မီးခိုးမွန်၍ ပိတ်မိနေသူနှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။
မန္တလေးမြို့ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက် ၆၅ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်းကြားရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ကားအပိုပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်အစော ၂ နာရီ ၅၁ မိနစ် အချိန် မီးထိန်းနိုင်ခဲ့ပြီး နံနက်အစော ၃ နာရီ ၂ မိနစ် အချိန် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် အသက် ၂၂ နှစ်အရွယ် မီးသတ်တပ်သားတွင် ဘယ်ဘက်လက်ခုံ မှန်ကွဲရှပြီး အရွတ်ပြတ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မီးခိုးမွန်၍ ပိတ်မိနေသူ အသက် ၅၉ နှစ်အရွယ် အမျိုးသား (မစိုးရိမ်ရ)၊ အသက် ၃၁ နှစ်အရွယ် အမျိုးသား (မစိုးရိမ်ရ) တို့အား နံနက်အစော ၂ နာရီ ၃၈ မိနစ် အချိန်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
မီးလောင်မှုအကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
ဓာတ်ပုံ-ကိုသန်းဌေး















