ရီးယဲလ်အသင်းရဲ့ နိုင်ပွဲက လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူအားလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ချူယာမန်နီ ကြုံးဝါး

ရီးယဲလ်အသင်းရဲ့ နိုင်ပွဲက လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူအားလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ချူယာမန်နီ ကြုံးဝါး
Photo: X
Photo: X
Published 27 February 2026

ရီးယဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ချူယာမန်နီက ဘင်ဖီကာအသင်းကိ အနိုင်ရခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူအားလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် Play-offs ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ဘင်ဖီကာအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီးနောက် ချူယာမန်နီက အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ပေါ်တူဂီမြေမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ရီးယဲလ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဗင်နီစီယပ်စ် သွင်းယူပြီးနောက် အောင်ပွဲခံစဉ် ဘင်ဖီကာကွင်းလယ်လူ ပရီစတီယန်နီက   လူမျိုးရေးခွဲခြားမှုပြုလုပ်တာကြောင့် ပွဲကို ၁၀ မိနစ်ကြာ ရပ်နားခဲ့ရပါတယ်။

ပရီစတီယန်နီဟာ ကနဦး တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဗင်နီစီယပ်စ်ကတော့ အိမ်ကွင်းပွဲမှာလည်း ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

ဒါကြောင့် ပထမဂိုးသွင်းယူခဲ့သူ ချူယာမန်နီက ''ဒီပွဲစဉ်ထက်၊ ဘောလုံးထက် ပိုပြီးအရေးကြီးတဲ့အရာတွေရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဗင်နီစီယပ်စ်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသလို သူလုပ်ရမယ့် အလုပ်အပေါ်မှာလည်း အာရုံစိုက်ထားဆဲပါပဲ။ အဲဒီကောင်လေး (ပရီစတီယန်နီ) ကို ဒီပွဲမှာ ပေးမကစားတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဘောလုံးထက် ပိုအရေးကြီးတဲ့အရာတွေ ရှိနေတတ်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးအတွက် အောင်ပွဲတစ်ခုပါ'' လို့ ပြောကြားခဲ့ပါတယ်။

ပရီစတီယန်နီရဲ့ လူမျိုးရေးခွဲခြားမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အပြစ်ရှိပါက ၁၀ ပွဲပယ်အထိ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်း သိရပါတယ်။

Most Read

Most Recent