■ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီးရှိ ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲအခမ်းအနား ကျင်းပ 

■ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီးရှိ ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲအခမ်းအနား ကျင်းပ 
Published 16 February 2026

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးရှိ ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲအခမ်းအနားကို ယနေ့(​ဖေ​ဖော်ဝါရီ ၁၆ ရက်)နံနက်ပိုင်းတွင်  ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။ 

တံတားဖွင့်ပွဲအခမ်းအနား၌ မင်္ဂလာအချိန်တွင် ချင်းတွင်းတံတား(ထမံသီ)အား ကော်မရှင်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးသန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြခဲ့​ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတက ချင်းတွင်းတံတား(ထမံသီ)ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖြန်းပေးကာ ကော်မရှင်အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့​ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ ထံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ချင်းတွင်းတံတား(ထမံသီ)ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ပြီး နိုင်ငံတော်ယာယီသမ္မတက ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့​ကြောင်း သိရသည်။

 နိုင်ငံတော်ယာယီသမ္မတသည် တံတားဖွင့်ပွဲသို့ လာရောက်အားပေးလျက်ရှိသည့် ဒေသခံ ပြည်သူများကို တွေ့ဆုံ၍ လူမှုစီးပွားအခြေအနေများအား မေးမြန်းပြီး နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းတံတား(ထမံသီ)အနေဖြင့် တံတားအရှည် ၂၆၂၈ ပေရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေရှိကြောင်း၊ ချင်းတွင်းတံတား(ထမံသီ)ကိုတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတို့ရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေ ရေးတို့ကို များစွာအထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent