အလှည့်ကျဓာတ်အားပေးခြင်းစနစ် ရပ်ဆိုင်းပြီး ဓာတ်အားပိုမိုဖြန့်ဖြူးပေးသော်လည်း ဓာတ်အားခအနေဖြင့် အိမ်သုံးမီတာခများ ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ကာ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများ ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အားမဂ္ဂါဝပ် ၅၀၀ ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျ စိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့်လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများအနေဖြင့် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။















