■ ထိုင်းရဲတစ်ဦးကို မြန်မာလူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု တစ်ဦးဖမ်းခံရပြီး တစ်ဦး လွတ်မြောက်နေ

■ ထိုင်းရဲတစ်ဦးကို မြန်မာလူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု တစ်ဦးဖမ်းခံရပြီး တစ်ဦး လွတ်မြောက်နေ
Published 21 January 2026

■ ဒဏ်ရာရရှိသည့် ထိုင်းရဲအရာရှိအတွက် မြန်မာနိုင်ငံသားအချို့က သွေးလှူဒါန်းမှုများ ပြုလုပ်

ထိုင်းရဲတစ်ဦးကို မြန်မာလူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု တစ်ဦးဖမ်းခံရပြီး တစ်ဦး လွတ်မြောက်နေကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက်ရှိ စက်ရုံတစ်ရုံအနီး ဆဲဗင်းအလဲဗင်း ဆိုင်အနီးတွင် ဆိုင်ကယ်စီးလာသည့် မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရန် တားဆီးချိန်တွင် အဆိုပါ မြန်မာလူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ဆိုင်ကယ်စီးလာပြီး သေနတ်ဖြင့် ပစ်ခဲ့သည့် လူငယ်နှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ဇန်နဝါရီ ၂၁ ရက် နံနက်အထိ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် သေနတ်သမားမှာ သေနတ်နှင့် အကျီင်္၊ ဘောင်းဘီနှင့် အိတ်များကို အခင်းဖြစ်သည့်နေရာနှင့် မီတာ ၅၀ ခန့်အကွာရှိ ကြံခင်းထဲတွင် စွန့်ပစ်ခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးလွတ်မြောက်နေသည့် သေနတ်သမားကို အင်အားသုံးကာ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သေနတ်ဖြင့် အပစ်ခံရသည့် ထိုင်းရဲအရာရှိအတွက် မြန်မာနိုင်ငံသားအချို့က သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်အချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

"မဲဆောက်မြို့ 7/11 ဆိုင်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးအတွက် သွေး လှူဒါန်းခဲ့ပါတယ်၊ လှူဒါန်းချင်စိတ်တစ်ခုထဲနဲ့ ဆေးရုံကို အရောက်သွားပြီး ဟိုရှာဒီရှာနဲ့ 

အကူအညီတောင်းတော့ အကူအညီပေးသူက ပစ်ခံရတဲ့ ရဲတပ်ကြပ်ကြီးရဲ့ ဇနီးဖြစ်နေပါတယ်။ သွေးလှူဒါန်းခံတဲ့ post လေးကို ပြပြီး သူ့အတွက် လှူချင်တာဆိုတော့

"ကျွန်မက သူ့ဇနီးပဲ လာ လာ… ကျွန်မဖြည့်ပေးမယ်"ဆိုပြီး သူမကိုယ်တိုင် ဖြည့်ပေးတယ်၊ ကျွန်မလဲ အခုလို အဖြစ်အပျက်အတွက် "အလွန်စိတ်မကောင်းဝမ်းနည်းရပြီး တောင်းပန်ပါတယ်"လို့ပြောတော့ …. "ရပါတယ် မလိုပါဘူး။ သူလဲ သက်သာပါတယ်။ ခွဲစိပ်မှုတော့ ဆက်လုပ်ရဦးမယ်တဲ့။ မြန်မာ တစ်ဦးအနေနဲ့ အခုလို လာပေးတာကိုလည်း သူအရမ်းဝမ်းသာတယ်တဲ့၊ ပြီးတော့ အနားမှာ သူနဲ့အတူ ပါလာတဲ့ 

ထိုင်းအသိတွေကိုပါ ဒီမှာကြည့်တဲ့ မြန်မာကောင်မလေး သွေးလာလှူတယ်" ဆိုပြီး ဝမ်းသာပီတနဲ့ ပြန်ပြောပြနေသေးတယ်။ ကိုယ်လုပ်နိုင်တာလေး လုပ်ပေးခဲ့ရတဲ့အတွက် ကျေနပ်မိတယ်" ဟု သွေးလှူဒါန်းခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒဏ်ရာရရှိခဲ့သည့် ထိုင်းရဲတပ်ကြပ်ကြီးမှာ အသက်အန္တရာယ်က လွတ်မြောက်သွားပြီဖြစ်ပြီး ခွဲစိတ်ကုသမှုများ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent