မာဆေးလ်နဲ့ပွဲမှာ ဆာလာ ပွဲထွက်ကစားဖွယ်ရှိကြောင်း အာနယ်ဆလော့ အရိပ်အမြွှက်ပြောကြား

မာဆေးလ်နဲ့ပွဲမှာ ဆာလာ ပွဲထွက်ကစားဖွယ်ရှိကြောင်း အာနယ်ဆလော့ အရိပ်အမြွှက်ပြောကြား
Photo: X
Photo: X
Published 21 January 2026

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဒီနေ့ည မာဆေးလ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ တိုက်စစ်ကစားသမား ဆာလာ ပွဲထွက်ကစားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာကြောင့် လီဗာပူးလ်အသင်းနဲ့ တစ်လဝန်းကျင် ဝေးကွာနေခဲ့ရပြီး မနေ့ကမှ ပြန်လည်လေ့ကျင့်နိုင်ခဲ့တာပါ။

ဆာလာဟာ အာဖရိကနိုင်ငံများဖလားပွဲမတိုင်ခင် လီဗာပူးလ်အသင်းမှာ အရန်ခုံထိုင်ခဲ့ရတာကြောင့် အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့သလို၊ အာနယ်ဆလော့ကို ရည်ရွယ်ပြီး လီဗာပူးလ်အသင်းမှာ သူ့ကို ထွက်ခွာစေလိုသူ ရှိနေတယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အာနယ်ဆလော့ကတော့ ဆာလာနဲ့ ဘာပြဿနာမှ မရှိကြောင်းနဲ့ ဆာလာ ပြန်လာမှာကို ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။

မာဆေးလ်နဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဆာလာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အာနယ်ဆလော့က ''ဒီရာသီမှာ ဆာလာ မကစားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာ အင်တာမီလန်နဲ့တစ်ပွဲပဲ ရှိပါတယ်။ တခြားပွဲအားလုံးမှာ ဆာလာ လူစာရင်းထဲ ရှိနေခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာ ပထမဆုံးလူစားဝင်ကစားစေခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စက ကျွန်တော့်အတွက် ဘယ်တုန်းကမှ ဆွေးနွေးရမယ့်အကြောင်းအရာမဟုတ်ပါဘူး။ ခင်ဗျားက အဲဒီလိုယူဆရင်တော့ (မာဆေးလ်နဲ့ပွဲမှာ) ပွဲထွက်စာရင်းထဲ ပါမလားဆိုတာ စောင့်ကြည့်လိုက်ပါ'' လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent