ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့တွင် ကြိုတင်ဆန္ဒမဲပေးမှုများ ပြုလုပ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁၅ ရက်မှ ၂၄ ရက်ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာ၌ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့် ညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်ရန် လိုအပ်သူများအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများပေးနိုင်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅(ခ)နှင့် အကျုံးဝင်သည့် မဲဆန္ဒရှင်များအတွက် ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















