မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လက်ရှိယာယီနည်းပြ ကာရစ်ဟာ မန်ယူလူငယ်ပရိသတ်တွေအတွက် ဖာဂူဆန်ခေတ်က အရသာမျိုး ပေးနိုင်ခဲ့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ကာရစ်က ပွဲဦးထွက်အဖြစ် ကိုင်တွယ်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ရုံသာမက ခြေစွမ်းပိုင်းမှာလည်း အသာစီးယူကစားနိုင်ခဲ့တာပါ။
ဒါကြောင့် ချီးကျူးများစွာ ရရှိခဲ့ပြီး ရွန်နီကလည်း သူ့ရဲ့ BBC podcast The Wayne Rooney Show အစီအစဉ်မှာ ချီးကျူးသုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
''ကျွန်တော်က ကွင်းထဲမှာ မရှိခဲ့ပါဘူး။ BBC စတူဒီယိုထဲမှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ကွင်းထဲမှာ ဘာတွေ ကွဲပြားခြာနားတာ မြင်တွေ့ခဲ့ရသလဲ။ သူက ပွဲမစခင်ကတည်းက ပရိသတ်တွေ အားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ မနေ့ကပွဲမှာ ဖာဂူဆန်ခေတ်တုန်းက အရသာမျိုး ရရှိခဲ့မယ်လို့ ထင်ပါတယ်။ တချို့သော လူငယ်ပရိသတ်တွေက ဖာဂူဆန် အနားယူသွားကတည်းက ဆိုးရွားတဲ့ (၁၀)နှစ်ကျော်၊ (၁၃)နှစ်လောက်ကိုပဲ ဖြတ်သန်းခဲ့ရတာပါ။ သူတို့အနေနဲ့ ဒီလိုစွမ်းဆောင်ရည်မျိုးကို မမြင်တွေ့ခဲ့ဖူးကြပါဘူး။ လာမယ့် (၁၆)ပွဲမှာလည်း ဒီလိုပုံစံမျိုးကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
ကာရစ်ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ၂၀၂၁ ခုနှစ်မှာ တာဝန်ယူခဲ့တုန်းကလည်း (၂)ပွဲနိုင်၊ (၁)ပွဲသရေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။















