လီဗာပူးလ်နောက်ခံလူ ဘရက်ဒလေဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ဘရက်ဒလေရဲ့ ဒဏ်ရာကို လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုပြုလုပ်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အနားယူရမယ့် အချိန်ကာလကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဒါပေမဲ့ မီဒီယာတွေကတော့ ဘရက်ဒလေရဲ့ ဘယ်ဘက်ဒူးမှာ အရိုးနဲ့ အရွတ် ထိခိုက်ပျက်စီးမှုရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး ဒီရာသီမှာ ပြန်ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ ခန့်မှန်းဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။
ဘရက်ဒလေဟာ အင်္ဂလန်နောက်ခံလူ အာနိုးလ် မရှိတော့တဲ့နောက် လီဗာပူးလ်နည်းပြ အာနယ်ဆလော့ရဲ့ ဦးစားပေးညာနောက်ခံလူအဖြစ် ရပ်တည်နေသူဖြစ်တာကြောင့် သူ့ရဲ့ ဒဏ်ရာပြဿနာက လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေနိုင်ပါတယ်။
ဒါ့အပြင် ဘရက်ဒလေဟာ မြောက်အိုင်ယာလန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်ကိုလည်း လွဲချော်ရမှာဖြစ်တာကြောင့် လက်ရွေးစင်အသင်းအတွက်လည်း ထိခိုက်နစ်နာစေခဲ့ပါတယ်။















