ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရသူ ရိုစီနီယာက ပြင်ဆင်ချိန် မလုံလောက်တဲ့အတွက် ဖူလ်ဟမ်အသင်းနဲ့ပွဲကို စတင်မကိုင်တွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စထရာဘိုးအသင်းနည်းပြဟောင်း ရိုစီနီယာ (၄၁ နှစ်)ဟာ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ဒီဇင်ဘာ ၆ ရက်မှာ ခန့်အပ်ခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ ကာလရှည် ခြောက်နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
ရိုစီနီယာဟာ ဇန်နဝါရီ ၇ ရက်က ဖူလ်ဟမ်အသင်းကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ကိုင်တွယ်ခြင်းမရှိဘဲ ပွဲကြည့်စင်ပေါ်ကသာ ကြည့်ရှုခဲ့တာပါ။
ဖူလ်ဟမ်နဲ့ပွဲ မကိုင်တွယ်ခဲ့ခြင်းအပေါ် ရိုစီနီယာက ''ကျွန်တော်က မနေ့ (ဇန်နဝါရီ ၆ ရက်) နံနက်ပိုင်းမှာ စထရာဘိုးကနေ လေယာဉ်နဲ့ ရောက်လာတာပါ။ အဲဒါကြောင့် ချာတိတ်တွေကို နိုင်ပွဲရယူဖို့အတွက် အကောင်းဆုံးအခွင့်အရေးပေးဖို့၊ ကျွန်တော်လုပ်ချင်တဲ့ နည်းဗျူဟာပိုင်းအလုပ်တွေလုပ်ဖို့ အချိန်အခက်အခဲရှိပါတယ်။ ဒီအသင်းကို ကိုင်တွယ်ဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ မစောင့်နိုင်တော့ပါဘူး။ လူငယ်ဘဝကတည်းက နည်းပြဖြစ်ချင်တယ်လို့ ကျွန်တော်အမြဲပြောဖူးပါ တယ်။ နည်းပြဘဝ ဒီလိုအဆင့်မျိုးမှာ ဒီအခွင့်အရေးရတာက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ချယ်လ်ဆီးမန်နေဂျာဖြစ်ဖို့မဟုတ်ဘဲ ချန်ပီယံဆုရတဲ့ ချယ်လ်ဆီးမန်နေဂျာဖြစ်ဖို့ပါ။ ဒါက ကစားသမားတွေနဲ့ ပထမဆုံးတွေ့ချိန်မှာ ကျွန်တော်ပေးခဲ့တဲ့ မက်ဆေ့ချ်ပါ'' လို့ ရိုစီနီယာက ပြောကြားခဲ့ပါတယ်။















