မြန်မာ့ရိုးရာမုန့်မျိုးစုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူ တစ်ဦးစီကို ယင်လုံမှန်အိမ်တစ်လုံးနှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်သည့် အရင်းအနှီးမတည်ငွေ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဗဟန်းမြို့နယ် မြေပဒေသာကျွန်းအတွင်းရှိ ပုလဲကျွန်း(ငွေသောင်ယံနေရာ)တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား မြန်မာ့ရိုးရာမုန့်များ ပြန်လည်ထွန်းကားလာပြီး အသင့်စားနိုင်ငံခြားထုတ်မုန့်များအား လျော့ချနိုင်ရေးရည်ရွယ်၍ မြန်မာဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း (AMJSEDC) က ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်မုန့် အမျိုးအစားသတ်မှတ်ချက်အနေဖြင့် မြန်မာ့ရိုးရာမုန့်များဖြစ်သော မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဆီထမင်း၊ ရွှေထမင်း၊ ထမနဲ၊ မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ မုန့်လုံးကြီးကြော်၊ မုန့်လက်ကောက်ကြော်၊ အကြော်မျိုးစုံ၊ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်၊ သာကူမုန့်ဖက်ထုပ်၊ သာကူပြင်၊ မုန့်စိမ်းပေါင်း၊ မုန့်ဗိုင်းတောင့်၊ ဆနွင်းမကင်း၊ မုန့်ကျွဲသဲ၊ ဘိန်းမုန့်၊ ထန်းသီးမုန့်၊ မုန့်လိပ်ပြာ၊ မုန့်ကြာခွက်၊ မုန့်လင်မယား၊ မုန့်လက်နှိပ်နှင့် အခြားတိုင်းရင်းသားအစားအစာများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲကို မြန်မာ့ရိုးရာ မုန့်ရောင်းချသူ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ အနံ့၊ အရသာနှင့် သန့်ရှင်းသပ်ရပ်မှုရှိသည့်မုန့်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် မုန့်ရောင်းချသူများအနေဖြင့် မြေပြင်တွင် အမှန်တကယ်မြန်မာ့ရိုးရာ မုန့်ရောင်းချသူများဖြစ်ရမည့်အပြင် ဆက်လက်၍ မြန်မာ့ရိုးရာ မုန့်ရောင်းချလိုသူဖြစ်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက် အသေးစိတ်နှင့် အကဲဖြတ် အမှတ်ပေး စံနှုန်းများကို ပြိုင်ပွဲဝင်အမည်စာရင်း ပေးပို့သူများထံသို့ အချိန်မှီပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြန်မာ့ရိုးရာမုန့်အမျိုးအစား အုပ်စုတစ်ခုလျှင် သုံးဦးကို ပဏာမရွေးချယ်ပြီး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်၍ သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူ တစ်ဦးစီကို AMJSEDC အသင်းအနေဖြင့် မုန့်များရောင်းချရန် ယင်လုံမှန်အိမ် တစ်လုံးနှင့် အရင်းအနှီးမတည်ငွေအဖြစ် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ဆုငွေများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။















