ကစားသမားဘဝက အနားယူပြီးရင် နည်းပြထက် ကလပ်အသင်းပိုင်ရှင်အဖြစ်သာ ရပ်တည်သွားလိုတယ်လို့ မက်ဆီ ပြောကြား

ကစားသမားဘဝက အနားယူပြီးရင် နည်းပြထက် ကလပ်အသင်းပိုင်ရှင်အဖြစ်သာ ရပ်တည်သွားလိုတယ်လို့ မက်ဆီ ပြောကြား
Photo: X
Photo: X
Published 7 January 2026

နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ကစားသမားဘဝက အနားယူပြီးရင် နည်းပြထက် ကလပ်အသင်းပိုင်ရှင်အဖြစ်သာ ရပ်တည်သွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီက အသက်(၃၈)နှစ်ရှိပြီဖြစ်ပေမဲ့ လက်ရွေးစင်အသင်းက အနားယူခြင်းမရှိသေးဘဲ အင်တာမိုင်ယာမီအသင်းနဲ့လည်း ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။

မက်ဆီက နည်းပြအဖြစ် လုပ်ဆောင်ဖို့ စိတ်ကူးမရှိကြောင်း အရင်ကတည်းက ပြောကြားခဲ့ဖူးပြီး အခု အာဂျင်တီးနားမီဒီယာ Luzu TV နဲ့ တွေ့ဆုံရာမှာ ကလပ်အသင်းပိုင်ရှင်ဖြစ်လိုကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော့်ကိုယ်ကျွန်တော် နည်းပြအဖြစ် မမြင်မိပါဘူး။ နည်းပြဖြစ်လာမယ့် စိတ်ကူးကို ကျွန်တော် သဘောကျပေမဲ့ အသင်းပိုင်ရှင် ပိုဖြစ်ချင်ပါတယ်။ ကျွန်တော်ပိုင်တဲ့ ကလပ်အသင်း ရှိချင်တယ်၊ အောက်ခြေက အစပြုပြီး ကြီးထွားလာအောင် လုပ်ဆောင်ချင်တယ်။ ကလေးတွေအတွက် ဖွံ့ဖြိုးတိုးတက်လာဖို့ အခွင့်အရေးပေးပြီး အရေးပါတဲ့အရာတွေ ရရှိစေချင်တယ်။ ရွေးချယ်ခွင့်သာရှိရင် ကျွန်တော် အလုပ်ချင်ဆုံးက ဒါပါပဲ'' လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ သက်တမ်းရှည်အသင်းဖော်တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်နဲ့အတူ ဥရုဂွေးစတုတ္ထတန်းက ဒီပို့တီဗို LSM ဆိုတဲ့ ကလပ်အသင်းရဲ့ ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း သိရပါတယ်။

မက်ဆီဟာ မေဂျာလိဂ်ရာသီသစ် ပြန်မစခင် ဥရောပက ကလပ်အသင်းတစ်သင်းမှာ ကာလတိုအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းကို ရောက်ရှိနိုင်ကြောင်းလည်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေ ရှိနေပါတယ်။

Most Read

Most Recent