■ ဗင်နီဇွဲလားသမ္မတအား ဝင်ရောက်ဖမ်းဆီးခဲ့သည့် အမေရိကန်၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဗကသများ အဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ ပူးတွဲထုတ်ပြန်

■ ဗင်နီဇွဲလားသမ္မတအား ဝင်ရောက်ဖမ်းဆီးခဲ့သည့် အမေရိကန်၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဗကသများ အဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ ပူးတွဲထုတ်ပြန်
Published 6 January 2026

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဝင်ရောက်ဖမ်းဆီးခဲ့သည့် အမေရိကန်၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ဇန်နဝါရီ ၄ ရက်တွင် ပူးတွဲထုတ်ပြန်သည်။

ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် အမေရိကန်က ဗင်နီဇွဲလား စစ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီအချိန်အတွင်း ဗင်နီဇွဲလားသမ္မတအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ "ဒီနေရာမှာ ရှင်းရှင်းလင်းလင်းမြင်ရမှာက ဘယ်လိုပဲ ရှုပ်ထွေးမှုပေါင်းစုံ အကြောင်းရင်းပေါင်းစုံရှိပါစေ၊ အမေရိကန်ရဲ့လက်ရှိလုပ်ရပ်ဟာ လက်တွေ့မှာ ကျူးကျော်စစ်ပွဲတရပ် ထပ်မံဆင်နွှဲလိုက်တာဖြစ်တယ် ဆိုတဲ့အချက်ပဲ။ မိမိတို့အနေနဲ့ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲတာ၊ စစ်ရေးနည်းနဲ့ အကျပ်ကိုင်ဖိအားပေးတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ဒါဟာ နယ်ချဲ့လုပ်ရပ်၊ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်"ဟု ဗကသများအဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာကြီးတွင် လက်ယာအစွန်းရောက်များ၊ ဖက်ဆစ်များက အင်အားကြီးထွားလာနေကြောင်း၊ ဗင်နီဇွဲလားမှ ဗမာပြည်အထိ၊ ဂျော်ဒန်မြစ်ကမ်းမှ ဧရာဝတီအထိ ကမ္ဘာ့လူမျိုးပေါင်းစုံပြည်သူအပေါင်းသည် ဖက်ဆစ်အရင်းရှင်များ၊ ဖက်ဆစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ခါးစည်းခံနေကြရကြောင်း၊ လစ်ဘရယ်အရင်းရှင်နိုင်ငံရေးသည် ဖက်ဆစ်စနစ်ကို မည်သည့်အခါမျှ အနိုင်ယူ အလဲထိုးနိုင်စွမ်းမရှိခဲ့သကဲ့သို့ အခုတခါတွင်လည်း ရှုံးနိမ့်ဦးမည်သာဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စိတ်ရှိတိုင်း ကျူးကျော်ရန်စပြီး အနိုင်ကျင့်ဖိနှိပ်သည့် ဖက်ဆစ်ဝါဒ၊ စစ်ဝါဒကို မည်သည့်လစ်ဘရယ်နိုင်ငံရေး အဆောက်အအုံနှင့်မျှ တားဆီးရန် မဖြစ်နိုင်သည်ကို ဗမာပြည်သမိုင်းက သက်သေပြကြောင်း၊ ကမ္ဘာ့သမိုင်းက သက်သေကြောင်း၊ အဖိနှိပ်ခံ တော်လှန်တဲ့ပြည်သူလူထုချင်း သွေးစည်းမှုကသာ ဖက်ဆစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်ကြောင်းနှင့် အမေရိကန်၏ ဗင်နီဇွဲလားသမ္မတကို ကျုးကျော်ဖမ်းဆီးမှုသည် နယ်ချဲ့ကျူးကျော်စစ်လုပ်ရပ်တခုသာဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ဒါဟာ အမေရိကန်ဗိုလ်ကျလွှမ်းမိုးရေးဝါဒရဲ့‌ ဖက်ဆစ်လက္ခဏာကို ထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ပါပဲ။ ဗင်နီဇွဲလားတခုထဲကိုသာမကဘဲ    အမေရိကန်အကျိုးစီးပွား (အမေရိကန်တဖက်သတ်အလိုကျအကျိုးစီးပွား) ကို ဆန့်ကျင်တဲ့ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သတင်းစကားကို ပေါ်ပေါ်ထင်ထင်ဖြန့်ချိလိုက်တာသာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားက တိုးတက်တဲ့ အဖိနှိပ်ခံ လူတန်းစားပေါင်းစုံ၊ ဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့အတူ မိမိတို့အနေနဲ့ အမေရိကန်ရဲ့ဒီလိုဖက်ဆစ်လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက် ရှုတ်ချလိုက်ပါတယ်"ဟု ဗကသများအဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ပူးတွဲထုတ်ပြန်သည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ဗမသ)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)၊ တိုးတက်သော မွတ်စ်လင်မ်လူငယ်များအစည်းအရုံး၊ လီဆူလူငယ်အစည်းအရုံး၊ သွေးစွန်းငွေကမ်ပိန်း၊ စစ်ငြိမ်းပန်းဖောင်ဒေးရှင်းတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

Most Read

Most Recent