■ တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

■ တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 20 December 2025

တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဖြိုးဇော်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၁၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မရွှန်းလဲ့ဗိုလ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၃) ရပ်ကွက်တွင် လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း၊ ကျော်ကျော်မင်းအား မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်တွင် လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း၊ ကျော်ကျော်မင်း နေထိုင်သည့် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀) အားလည်းကောင်း၊ မခင်ချိုချိုနိုင်အား တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀) နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အားလည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မခင်ချိုချိုနိုင် နေထိုင်သည့် တောင်ဥက္ကလာပမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၄၀) အားလည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် ဖြိုးဇော် (၄၆) နှစ်၊ မရွှန်းလဲ့ဗိုလ် (၃၁) နှစ်၊ ကျော်ကျော်မင်း (၃၈) နှစ် နှင့် မခင်ချိုချိုနိုင် (၃၃) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-CCDAC MYANMAR

 

Most Read

Most Recent