(၄၈)သင်းပြိုင်ပွဲအဖြစ် တိုးချဲ့လိုက်တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အရည်အသွေးကို လျော့ကျစေမှာမဟုတ်ဘူးလို့ အာစင်ဝင်းဂါး ယုံကြည်

(၄၈)သင်းပြိုင်ပွဲအဖြစ် တိုးချဲ့လိုက်တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အရည်အသွေးကို လျော့ကျစေမှာမဟုတ်ဘူးလို့ အာစင်ဝင်းဂါး ယုံကြည်
Photo: FIFA
Photo: FIFA
Published 5 December 2025

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှာ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက (၄၈)သင်းပြိုင်ပွဲအဖြစ် တိုးချဲ့လိုက်တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အရည်အသွေးကို လျော့ကျစေမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၃၀ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပြိုင်ပွဲဝင်အသင်း (၃၂)သင်းနဲ့သာ ယှဉ်ပြိုင်ခဲ့ပေမဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း (၄၈)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီအတွက် ရှင်းလင်းပြောကြားမှုပြုလုပ်ရာမှာ အာစင်ဝင်းဂါးက (၄၈)သင်းဟာ သင့်တော်တဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုခဲ့တာပါ။

''(၄၈)သင်းဟာ သင့်တော်တဲ့ ကိန်းဂဏန်းလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ ဖီဖာအဖွဲ့ဝင် (၂၁၁)နိုင်ငံရဲ့ (၂၅%)အောက်သာ ရှိပါတယ်။ အဓိပ္ပာယ်က (၄)သင်းထဲက တစ်သင်းသာ ယှဉ်ပြိုင်ခွင့်ရတာပါ။ (၇၅%)က ယှဉ်ပြိုင်ခွင့်မရရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါ'' လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

အာစင်ဝင်းဂါးက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အခုလို မေးခွန်းထုတ်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အ့ံအားသင့်စရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း(၄၈)သင်းပါဝင်မှာဖြစ်တာကြောင့် (၄)သင်းစီ ပါဝင်တဲ့ အုပ်စု(၁၂)ခု ခွဲခြားယှဉ်ပြိုင်သွားမှာဖြစ်ပြီး အုပ်စု ပထမ၊ ဒုတိယရတဲ့အသင်းတွေနဲ့ အကောင်းဆုံးအုပ်စုဒုတိယရရှိတဲ့ အသင်း(၈)သင်းက (၃၂)သင်းအဆင့်ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Most Read

Most Recent