■ အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်း

■ အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်း
Photo: AFP
Photo: AFP
Published 29 November 2025

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို ဆိုင်းငံ့ခဲ့ကြောင်း အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ၏ ညွှန်ကြားရေးမှူး ဂျိုးဆက် အက်ဒ်လိုက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် နိုင်ငံသားမဟုတ်သူများကို တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်အထိ စစ်ဆေးမှုနှင့် စိစစ်မှုများလုပ်ဆောင်နိုင်သည့်အချိန်အထိ နိုင်ငံရေးခိုလှုံခွင့်ယာယီရပ်နားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

တတိယနိုင်ငံများမှ ရွှေ့ပြောင်းများ အမေရိကန်သို့ ဝင်ရောက်မှုကို ရာသက်ပန်ရပ်ဆိုင်းသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကတိပြုခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်က ဝါရှင်တန်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင်း အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ထိုပစ်ခတ်မှုအတွက် အာဖဂန်နိုင်ငံသားတစ်ဦး အပြစ်တင်ခံခဲ့ရသည်။

ပြည်ပနိုင်ငံသားအားလုံးထံမှ လက်ခံရရှိထားသည့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုများကို အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းများ မပြုလုပ်ရန် အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ လက်အောက်ခံ USCIS ၏ အရာရှိများကို ညွှန်ကြားထားသည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်က ထွက်ပေါ်လာသည့် ထိုညွှန်ကြားချက်နှင့် ထရန့်၏ အစောပိုင်းက ပြောကြားခဲ့သည့် မှတ်ချက်စကားတို့နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ အနည်းငယ်သာ ရရှိထားဆဲဖြစ်သည်။

တတိယနိုင်ငံများမှ ရွှေ့ပြောင်းများ အမေရိကန်သို့ ဝင်ရောက်မှုကို ရာသက်ပန်ရပ်ဆိုင်းသွားမည်ဆိုသည့် ပြောကြားချက်နှင့်ပတ်သက်ပြီး မည်သည့်နိုင်ငံများ အကျုံးဝင်သက်ရောက်မည်ဆိုခြင်းကိုမူ ထရန့်က ပြောကြားခဲ့ခြင်းမရှိပေ။

■ Ref: BBC

Most Read

Most Recent