အာဆင်နယ်နည်းပြ အာတေတာက စပါးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား အက်ဇေးဟာ အာဆင်နယ်အသင်းလိုအပ်နေတဲ့ အရှိန်အဝါကို ယူဆောင်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အက်ဇေးဟာ ဒီနှစ်နွေရာသီမှာမှ ခရစ္စတယ်ပဲလေ့စ်ကနေ အာဆင်နယ်ကို ပေါင်(၆၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲမှာ (၅)ဂိုးသွင်းယူပေးထားပါတယ်။
အက်ဇေးဟာ စပါးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးဟက်ထရစ် သွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီပွဲရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြီး ပွဲအပြီးမှာ အာတေတာက သူ့ကို ချီးကျူးမှုပြုလုပ်ခဲ့တာပါ။
''ကျွန်တော် သူ့အတွက် အရမ်းပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သူ့အနေနဲ့ အသင်းအတွက် ထူးခြားတဲ့တစ်စုံတစ်ရာ ယူဆောင်ပေးတဲ့နေ့ ဖြစ်လို့ပါ။ အဲဒီအရာကတော့ အသင်လိုအပ်နေတဲ့ အရှိန်အဝါတစ်ခုဖြစ်ပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက ချယ်လ်ဆီးအသင်းကို (၆)မှတ်ဖြတ်ထားနိုင်ခဲ့သလို၊ မန်စီးတီးကို (၇)မှတ်၊ လီဗာပူးလ်အသင်းကို (၁၁)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။















